သင်္ဃန်းကျွန်း မတ် ၉
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်၌ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ လှူဒါန်းရရှိခဲ့သော စာအုပ်စာစောင်များအား မြို့နယ်အတွင်းရှိ ရပ်ကွက်စာကြည့် တိုက်များသို့ စာအုပ်စာစောင်များ ထပ်ဆင့်လှူဒါန်းပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်တွင် ရန်ကုန်အရှေ့ပိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှလှနွယ်က လှူဒါန်းရရှိသည့်သုတ၊ရသစာအုပ်များကို မိမိတို့ရပ်ကွက်စာကြည့်တိုက်များရှိ မှတ်ပုံတင်စာအုပ်တွင် စနစ်တကျရေးသွင်းဆောင်ရွက်ကြရန်လိုကြောင်း၊ ရပ်ကွက်ကျေးရွာ စာကြည့်တိုက်များ ရှင်သန်အောင်မြင်ရေးအတွက် စာကြည့်တိုက်ကော်မတီများ စာကြည့်တိုက်မှူးများက ဝိုင်းဝန်းဆောင်ရွက်ပေးကြရန်လိုကြောင်းစသည့်တို့ကိုပြောကြားခဲ့သည်။ ထို့နောက် ရန်ကုန်တိုင်းဒေသကြီးစာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီရုံးအဖွဲ့မှူး ဦး၀င်းသိန်းက ရပ်ကွက်၊ ကျေးရွာစာကြည့်တိုက်များ ရှင်သန်အောင်မြင်စေရေး ပူးပေါင်း ပါဝင်ပေးကြရန်ဆွေးနွေးပြောကြားခဲ့ပြီးတက်ရောက်လာသည့်စာကြည့်တိုက်ကော်မတီဝင်များက ပါဝင်ဆွေးနွေးခဲ့ကြသည်။
ဆက်လက်၍ တာဝန်ရှိသူများက ရပ်ကွက်စာကြည့်တိုက်များအား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ လှူဒါန်းသောစာအုပ်များကို သက်ဆိုင်ရာရပ်ကွက်စာကြည့်တိုက်မှူးများထံသို့ ထပ်ဆင့်ပေးအပ်လှူဒါန်းခဲ့သည်။ အဆိုပါအခမ်းအနားသို့ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးနှင့်၀န်ထမ်းများ၊ မြို့နယ်စာကြည့်တိုက်များကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ရပ်ကွက်စာကြည့်တိုက်မှ စာကြည့်တိုက်မှူးများ တက်ရောက်ခဲ့ကြောင်း သိရသည်။
သိန်းအောင်(ပြန်/ဆက်)