ဥတ္တရသီရိ မတ် ၉
ကျန်းမားရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ နေပြည်တော်တိုင်းရင်းဆေးရုံကြီးမှ ယမန်နေ့နံနက်ပိုင်းတွင် ဥတ္တရခရိုင်၊ ဥတ္တရသီရိမြို့နယ်၊ မြန်မာနိုင်ငံတိုင်းရင်းဆေးဆရာအသင်းရုံး (ဗဟို)တွင် ကျင်းပပြုလုပ်သည့် မြန်မာ့တိုင်းရင်းဆေးသမားတော်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် အထူးကွင်းဆင်းဆေးကုသခြင်းကို ဆောင်ရွက်ခဲ့ရာ တိုင်းရင်းဆေးပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစုစုဒွေး၊ မြန်မာနိုင်ငံတိုင်းရင်းဆေးကောင်စီဥက္ကဋ္ဌ ဦးမြင့်ဦး၊ မြန်မာနိုင်ငံတိုင်းရင်းဆေးဆရာအသင်း(ဗဟို)ဥက္ကဋ္ဌ ဦးသိန်းဝင်း၊ တိုင်းရင်းဆေးပညာရပ်ဆိုင်ရာ အကြံပေးအဖွဲ့အဖွဲ့ဝင် ဦးစိုးဝင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမြင့်အေး၊ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများမှ ဥတ္တရသီရိမြို့နယ်အတွင်းရှိ လာရောက်ပြသည့် ဒေသခံပြည်သူများအား တိုင်းရင်းဆေးဖြင့် ကုသရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးခြင်းနှင့် တိုင်းရင်းဆေးဝါးများ လက်ဆောင် ဝေငှခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။
ဆက်လက်၍ တိုင်းရင်းဆေးပညာရပ်ဆိုင်ရာအကြံပေးအဖွဲ့အဖွဲ့ဝင် ဆရာကြီးဦးစိုးဝင်းက တိုင်းရင်းဆေးပညာအကြောင်း သိကောင်းစရာနှင့် အနာရောဂါကင်းရှင်းပြီး ကျန်းမာသက်ရှည်စွာ နေထိုင်နိုင်ရေးအတွက် ကျန်းမာရေးအသိပညာပေး ဟောပြောခြင်း၊ ရောဂါများကို ကာကွယ်ခြင်း၊ ကုသခြင်းများ ဆောင်ရွက်နိုင်ရန် အသိပညာပေး ဟောပြောခဲ့သည်။
အဆိုပါ ကွင်းဆင်းဆေးကုသရေးအစီအစဉ်တွင် ခုတင်(၁၀၀)ဆံ့တိုင်းရင်းဆေးရုံ (နေပြည်တော်) မှ ဆေးရုံအုပ်ကြီး ဒေါ်မူမူချို ဦးဆောင်သော ဆေးကုသရေးအဖွဲ့ဝင် ၁၅ ဦးတို့က တိုင်းရင်းဆေးဝါး များဖြင့် သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ ဒူးနာ၊ ခါးနာ၊ ကျီးပေါင်းရောဂါများ၊ အဆစ်ရောင် အဆစ်နာရောဂါများ၊ ထုံနာ၊ ကျဉ်နာ၊ လေငန်း၊ လေဖြတ်၊ အာရုံကြောအားနည်းရောဂါများကို ကုသပေးရာ စုစုပေါင်းလူနာဦးရေ ၁၇၅ ဦးကို လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုအဖြစ် သောက်ဆေး၊ လိမ်းဆေးပေးခြင်း၊ အကြောပြင် ကုသခြင်း၊ ကြပ်ထုပ်ထိုးကုသခြင်း၊ ဆေးစည်း၊ ဆေးကပ်ခြင်းနှင့် အာရုံကြောရောဂါများကို မိုးကြိုးသွားဖြင့် ကုသမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အောင်မျိုးဝင်း(ပြန်/ဆက်)