တိုက်ကြီးမြို့နယ်၌ အသင်းအချင်းချင်းပံ့ပိုးကူညီမှု့ဖြင့် ဝက်မွေးမြူခြင်းလုပ်ငန်းနှင့်နွေစပါး စိုက်ပျိုးထားရှိသည့် လုပ်ငန်းများကွင်းဆင်းကြည့်ရှု

တိုက်ကြီး  မတ် ၈

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်တွင် အသင်းအချင်းချင်း ပံ့ပိုးကူညီမှုဖြင့် ဝက်မွေးမြူခြင်းလုပ်ငန်းနှင့် နွေစပါးစိုက်ပျိုးထားသည့်လုပ်ငန်းများအား ရန်ကုန်တိုင်းဒေသကြီး သမဝါယမဦးစီးဌာန တိုင်းဦးစီးမှူး ဒေါ်ဥမ္မာမြင့်နှင့်အတူ တိုက်ကြီးမြို့နယ် သမဝါယမဦးစီးဌာနနှင့် မြို့နယ်သမဝါယအသင်းစုမှ တာဝန်ရှိသူများက ယမန်နေ့တွင် တိုက်ကြီးမြို့နယ်အတွင်းရှိ ဂုန်ညင်းတန်းကျေးရွာ အုပ်စုတွင် ဝက်မွေးမြူရေးလုပ်ကိုင်နေသည့် ပြုံးပန်းတရာမွေးမြူရေးနှင့် အထွေထွေသမဝါယမအသင်း၏ အသင်းသားများ ဝက်မွေးမြူထားရှိမှု အခြေအနေနှင့် ဥတိုကျေးရွာအုပ်စု ကောင်းစံစိုက်ပျိုးရေး သမဝါယမအသင်း တောင်သူဦးတင်လှ လယ် (၁၄)ဧကတွင် စိုက်ပျိုးထားသည့် ထိုင်းမျိုးစပါး စိုက်ကွင်းများအား ကွင်းဆင်းကြည့်ရှုကြကြောင်း သိရသည်။

တိုက်ကြီးမြို့နယ်အတွင်းရှိ ပြုံးပန်းတရာ မွေးမြူရေးနှင့် အထွေထွေစီးပွားသမဝါယမ အသင်းရှိ အသင်းသား (၂၅)ဦးအား ရန်ကုန်တိုင်းဒေသကြီး သမဝါယမဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် အသင်းအချင်းချင်း ထောက်ပံ့မှုဖြင့် ဝက်ဖြန်းတစ်ကောင်လျှင်(၄)သိန်းကျပ်တန်ဖိုးနှင့် ညီမျှသော ဝက်ဖြန်းအကောင် (၃၀) ကောင်အား ထောက်ပံ့ပေးခဲ့ပြီးအသင်းအနေဖြင့် အသင်းပိုင်ဝက် (၅)ကောင်နှင့် အသင်းသားပိုင်ဝက် (၄၀)ကောင် စုစုပေါင်း (၇၅)ကောင်အား အသင်းသား အမျိုးသမီးများ အိုးမကွာ၊ အိမ်မကွာတစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်းအား လုပ်ကိုင်နိုင်ရန် ရည်ရွယ်ခဲ့ကြောင်း သိရသည်။

တိုက်ကြီးမြို့နယ်တွင် စိုက်ပျိုးရေးသမဝါယမအသင်း (၄)သင်းအနေဖြင့် ရွှေမေ သမဝါယမ အသင်းနှင့် အကျိုးတူပူးပေါင်း အထွက်တိုးစပါး (ထိုင်းမျိုး)စိုက်ပျိုးခြင်း ကို ၃၀ ဒသမ ၅ ဧကတွင် တောင်သူ (၄)ဦးဖြင့် လုပ်ကိုင်ဆောင်ရွက်ခဲ့ကြောင်း၊ ရွှေမေသမဝါယမအသင်းအနေဖြင့် မျိုးအိတ်များ အခမဲ့ထုတ်ပေးခြင်း၊ ထွန်ယက်စိုက်ပျိုးမှု ကုန်ကျငွေများပံ့ပိုးပေးခြင်း အပြင်ထွက်ရှိလာမည့် မျိုးစပါးများကိုလည်း ဒေသ၏ ကာလပေါက်ဈေးဖြင့် ပြန်လည်ဝယ်ယူမည်ဖြစ်ကြောင်း သိရသည်။

စန်းကလျာခိုင်(ပြန်/ဆက်)