လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၌ ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေ အသိပညာပေး ဟော‌ပြောပွဲကျင်းပ

လှိုင်သာယာ(အရှေ့ပိုင်း)  မတ် ၈

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်း ဥပဒေအကြောင်း အသိပညာပေးဆွေးနွေးပွဲကို  ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ ပြည်သူများဖြင့် ယမန်နေ့နေ့လယ် (၃)နာရီ၌ အမှတ်(၆)ရပ်ကွက်၊ န၀ဒေးဥယျာဉ်အိမ်ရာ အတွင်းရေကူးကန်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်ရဲတပ်ဖွဲ့မှူး ဦးမျိုးမြင့်ဦး အမှာစကားပြောကြားပြီး မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစောတာကလူထူးက ပြည်သူ့စစ်မှုထမ်းရန်ကာလများ၊ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ အဆင့်ဆင့်ဖွဲ့စည်းခြင်းဆိုင်ရာများ၊ ပြည်သူ့ စစ်မှုထမ်းအဖွဲ့၏ လုပ်ငန်းတာဝန်များကို အသီးသီးဟောပြောခဲ့သည်။

 အခမ်းအနားတွင် တက်ရောက်လာသောပြည်သူများကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှထုတ်‌ဝေသော ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာသိကောင်းစရာ သတင်းစကား လက်ကမ်းစာစောင်အား အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ ဝန်ထမ်းများက ဖြန့်ဝေသည်။

ထို‌‌သို့ဟောပြောရာတွင် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ ပြည်သူ့စစ်မှုထမ်းတို့၏ ခံစားခွင့်ဆိုင်ရာများ၊ယာယီကင်းလွတ်ခွင့်၊ ရွှေ့ဆိုင်းခွင့်၊  နိုင်ငံ့၀န်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများသည် ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေများအရ ယာယီကင်းလွတ်ခွင့်ရှိသော ပုဂ္ဂိုလ်များဖြစ်ကြောင်း၊ ပြည်သူ့စစ်မှုထမ်း နည်းဥပဒေများစသည်တို့ကို ဒုတိယမြို့နယ်ဥပဒေအရာရှိ ဦးဇေယျာအောင်က အကျယ်တဝင့် ရှင်းလင်းပြောကြားပြီး  ဒေသခံပြည်သူများက သိရှိလိုသည်များကို ပြန်လည် မေးမြန်းကြသည်။

အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်တာ၀န်ရှိသူများ၊ ဌာနဆိုင်ရာ တာ၀န်ရှိသူများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ပြည်သူ့စစ်မှုထမ်းဆင့်‌ခေါ်ရေးအဖွဲ့၀င်များ၊ ဒေသခံပြည်သူများ(၂၀၀)ဦးတက်ရောက်လျက်ရှိကြောင်း သိရသည်။

ခင်၀င်းမူ(ပြန်/ဆက်)