သထုံ မတ် ၉
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ပြည်နယ်မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီမှကြီးမှူး၍ မဲစာရင်းမှန်ကန်ရေးနှင့် မြေပြင်လူဦးရေစိစစ် အတည်ပြုနိုင်ရေး မြေပြင်စိစစ်မည့်လုပ်ငန်းစဉ်များ ရှင်းလင်းခြင်း အခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ရှေးဦးစွာ သထုံမြို့နယ်မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မိုးစိုးက သထုံမြို့နယ် အတွင်း မြေပြင်လူဦးရေစိစစ်အတည်ပြုနိုင်ရေး မြေပြင်စိစစ်မည့်လုပ်ငန်းစဉ်များကို ပူးပေါင်းဆောင်ရွက်ကြရေး ရှင်းလင်းအမှာစကားပြောကြားသည်။
ယင်းနောက် ပြည်နယ်မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီ တွဲဖက်အတွင်းရေးမှူး၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မွန်ပြည်နယ်ညွှန်ကြားရေးမှူး ဦးရဲရင့်ထွန်းက မဲဆန္ဒရှင်စာရင်းမှန်ကန်ရေး မြေပြင်လူဦးရေစိစစ်အတည်ပြုနိုင်ရေး၊ မြေပြင်အခြေအနေ ကွင်းဆင်းစိစစ်ရမည့် အကြောင်းအရင်းများ၊ မြေပြင်တစ်အိမ်တက်ဆင်း စာရင်းကောက်ယူရေးအဖွဲ့မှ ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များ စသည့် မြေပြင်ကွင်းဆင်းစာရင်းတိုက်ဆိုင်စိစစ်ခြင်း၊ မြေပြင်လူဦးရေစာရင်းစိစစ်အတည်ပြုနိုင်ရေးဆိုင်ရာ လုပ်ငန်း စဉ်များကို ချပြ ရှင်းလင်းရာ တက်ရောက်လာသူတို့က သိလိုသည်တို့ကို မေးမြန်းခဲ့ကြသည်။
အဆိုပါအခမ်းအနားသို့ သထုံခရိုင်မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲနိုင်၊ ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဝန်ထမ်းများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်