လှည်းကူး မတ် ၈
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်တိုင်းရင်းဆေးကုဌာန၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်အသင်းတို့ပူးပေါင်း၍ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ်မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့ လှုပ်ရှားမှုအခမ်းအနားကို ယနေ့နံနက်(၁၀)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ကျင်းပပြုလုပ်သည်။
ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးအေးနွဲ့က အပြည်ပြည်ဆိုင်ရာအမျိုးသမီးနေ့ ပေါ်ပေါက်လာပုံသမိုင်းကြောင်းနှင့် မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့လှုပ်ရှားမှု ပြုလုပ်ရခြင်းအကြောင်းကို ရှင်းလင်းပြောကြားပြီး မြို့နယ်တိုင်းရင်းဆေးကုဌာန တိုင်းရင်းဆေးမှူး ဒေါ်ပြည့်ပြည့်ဖြိုးက သနပ်ခါးပင်နှင့် ဆေးဖက်ဝင်ပုံ အကြောင်း၊သနပ်ခါးသည်ရောဂါများသက်သာစေကြောင်း၊ မြန်မာ့ဓလေ့နှင့်သနပ်ခါးအပေါ် ချစ်မြတ်နိုးမှု၊ အသုံးပြုမှု၊အလှအပရေးရာအကြောင်းတို့နှင့်ပတ်သက်၍ ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ တက်ရောက်လာသူများက အချင်းချင်းသနပ်ခါးများ လိမ်းခြယ်ပေးခြင်းနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော စာအုပ်စာစောင်များနှင့် နံရံကပ်စာစောင်များကို ကြည့်ရှုခဲ့ပြီး အခမ်းအနားသို့ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့များ၊ အမျိုးသမီးရေးရာအဖွဲ့၀င်များ၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ တိုင်းရင်းဆေးကုဌာနမှ ၀န်ထမ်းများ တက်ရောက်ခဲ့ကြောင်းသိရှိရသည်။
အေးအေးနွဲ့ (ပြန်/ဆက်)