ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ(YRTC)၏ ဆောင်ရွက်ချက်များနှင့်စပ်လျဉ်း၍ အသိပေးရှင်းလင်းပွဲကျင်းပ

တာမွေ      မတ်      

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ခရီးသွားပြည်သူများအနေဖြင့် မြို့တွင်း/နယ်ဝေးခရီးသွားလာရာတွင် ဘေးကင်းလုံခြုံပြီး အဆင်ပြေချောမွေ့စွာ သွားလာနိုင်စေရေးအတွက် ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ(YRTC)မှ ဆောင်ရွက်ပေးလျက်ရှိသည့် ဝန်ဆောင်မှုလုပ်ငန်းများနှင့်စပ်လျဉ်း၍ မီဒီယာများနှင့်တွေ့ဆုံပြီး ပြည်သူများထံသို့ အသိပေးရှင်းလင်းပွဲ (၁/၂၀၂၅)ကို ယမန်နေ့မွန်းလွဲပိုင်းအချိန်က ရန်ကုန်မြို့ တာမွေမြို့နယ် လေးထောင့်ကန်လမ်းမကြီးပေါ်ရှိ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ(YRTC)ရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ(YRTC)မှ တွဲဖက်အတွင်းရေးမှူးဦးလျန်ကျင့်မန်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး တက်ရောက်လာကြသောမီဒီယာများက ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲနေသော ‌YBS ယာဉ်လိုင်းကုမ္ပဏီများမှ ယာဉ်များ၏ ယာဉ်စည်းကမ်းဖောက်ဖျက်ကျူးလွန်မှုများနှင့် ပြစ်မှုပြစ်ဒဏ်ချမှတ် အရေးယူဆောင်ရွက်နေသည့်အခြေအနေများ၊ ‌YBS ယာဉ်လိုင်းများအား စည်းကမ်းထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများ၊ ‌YBO Control Centre နှင့် သက်ဆိုင်ရာဌာနများပူး‌ပေါင်း၍ ခါးပိုက်နှိုက်မှုအပါအဝင် ရာဇဝတ်မှုများအား ဖော်ထုတ်စစ်ဆေးအရေးယူဆောင်ရွက်နေမှုများ၊  YBS ယာဉ်များပေါ်တွင် တပ်ဆင်ထားသော POS ကတ်ဖြတ်စနစ်အား ပိတ်ထားသည့် ယာဉ်လိုင်းများအား ထိရောက်စွာ စစ်ဆေးအရေးယူ ဆောင်ရွက်နေမှုများနှင့် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုသည့်ကာလအတွင်း ကျောင်းသား/သူများ သက်ဆိုင်ရာစာစစ်ဌာနကျောင်းများသို့ သွားလာမှုအဆင်‌ပြေစေရေးအတွက် YBS ယာဉ်လိုင်းများ စနစ်တကျ ပြေးဆွဲစေရေး၊ ယာဉ်ကြောပိတ်ဆို့ကြပ်တည်းမှု မရှိစေရေးအတွက် ဆောင်ရွက်သွားမည့် အစီအစဉ်များနှင့်ပတ်သက်၍ အသီးသီးမေးမြန်းခဲ့ကြရာ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ(YRTC)မှ တာဝန်ရှိသူများက အသီးသီး ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့သည်။ ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ(YRTC)မှ တွဲဖက်အတွင်းရေးမှူးဦးလျန်ကျင့်မန်က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။

အဆိုပါ ရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ(YRTC)၏ ဝန်ဆောင်မှုလုပ်ငန်းများနှင့်စပ်လျဉ်း၍ ပြည်သူများထံ အသိပေးရှင်းလင်းပွဲသို့ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ(YRTC)မှ တာဝန်ရှိသူများ၊ သတင်းမီဒီယာများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

နိုင်လင်းအောင်(ပြန်/ဆက်)