ရေးမြို့၊ ရှေးဟောင်းကျုံးတော်ကြီးရှိ အောက်ကျုံးကို ကျပ်ငွေသန်းပေါင်း (၂၇၈) ကျော်ဖြင့် အကုန်ကျ ခံကာ ပြန်လည်တူးဖော်ခြင်း ဆောင်ရွက်မည်

ရေး ဒီဇင်ဘာ  ၇

မွန်ပြည်နယ်၊ ရေးမြို့နယ်ရှိ ရေးမြို့၏ ကျက်သရေဆောင် ရှေးဟောင်းကျုံးတော်ကြီးရှိ အောက်ကျုံးကို ငွေကျပ်သန်းပေါင်း (၂၇၈.၅၄၅) ဖြင့် အကုန်ကျခံကာ ပြန်လည်တူးဖော်သွားမည် ဖြစ်ကြောင်း သိရသည်။

လွန်ခဲ့သောနှစ်ပေါင်း(၁၂၀၀)ကျော်က ရှေးမွန်ဘုရင် အဆက်ဆက်တို့က ခံတပ်မြို့အသွင် ဖြင့် အသုံးပြုခဲ့ပြီး သမိုင်းအမွေအနှစ်အဖြစ် ကျုံးတော်ကို တူးဖော်ခဲ့သည်ဟု ရေးမြို့ သမိုင်းမှတ်တမ်း တွင် ဖော်ပြထားသော  ရှေးဟောင်းကျုံးတော်ကြီးကို မွန်ပြည်နယ်အစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံ ငွေဖြင့် ဆည် မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေး နှစ်က အပေါ်ကျုံးကို ငွေကျပ် သန်းပေါင်း(၁၂၁)သန်းအကုန်ကျခံကာ ပြန်လည်တူးဖော်ပေးခဲ့ပြီး ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် အောက်ကျုံးကို ငွေကျပ်သန်းပေါင်း (၂၇၈.၅၄၅) ဖြင့်ကုန်ကျခံကာ ပြန်လည်တူးဖော် မှာဖြစ်ပြီး တင်ဒါ အောင်မြင်မည့် ကုမ္ပဏီက သတ်မှတ်ကာလအတွင်း ရာနှုန်း ပြည့် အပြီး တာဝန်ယူလုပ်ဆောင်ရမည်ဟု သိရသည်။

ရေးမြို့နယ်၏ ရှေးဟောင်းသမိုင်းဝင် ကျုံးတော်ကြီးသည် နွေရာသီတွင် ရေခမ်းခြောက် ခြင်းများ ဖြစ်ပေါ်ခြင်းကြောင့် ရေသိုလှောင်နိုင်ရန် ရေအရင်းအမြစ်နေရာတစ်ခုဖြစ်ခြင်း၊ သာယာလှပသော စိတ်အပမ်းဖြေနေရာတစ်ခုအပြင် မီးဘေးအန္တရာယ်အတွက် အထောက် အကူပြု၊ အကျိုးပြု ပေးနိုင်မည့် ကျုံးတော်ကြီးအဖြစ် ပြန်လည်တူးဖော်ရခြင်းဖြစ်ကြောင်းကို ဆည်မြောင်းနှင့် ရေအသုံးချစီမံခန့်ခွဲရေး ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပါသည်။

မြို့နယ်(ပြန်/ဆက်)