မိုးနဲ မတ် ၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်တွင် မဲစာရင်းမှန်ကန်ရေးနှင့် မြေပြင်လူဦးရေစိစစ်အတည်ပြုနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၉ နာရီအချိန်က မြို့နယ်ကမ္ဘောဇခန်းမ၌ ပြုလုပ်ခဲ့သည်။
ဦးစွာ မြို့နယ်မြေပြင်လူဦးရေစာရင်းကောက်ယူရေးကော်မတီဥက္ကဋ္ဌ ဦဝင်းမြင့်က မိုးနဲမြို့နယ်ရှိ မှန်ကန်တဲ့လူဦးရေစာရင်းရရှိရေးအတွက် ရပ်ကွက်/ကျေးရွာအုပ်စုနှင့် ကျေးရွာစာရင်းများကို မြို့နယ်ကော်မရှင်၊လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊မြို့နယ်ဦးစီးမှူးနှင့်ပေါင်းစပ်ပြီး လူဦးရေစာရင်းမှန်ကန်တိကျရေးကို အလေးထားဆောင်ရွက်ပေးကြရန်၊ သက်ဆိုင်ရာဌာနဆိုင်ရာများအနေဖြင့်လည်း မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရာတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန်ပြောကြားခဲ့ပြီး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးဦးကျော်ကျော်ခိုင်က မိုးနဲမြို့နယ်အနေဖြင့် ယခုစာရင်းမှန်ကန်မှုရှိစေရန် မြေပြင်ရှိစာရင်းများကို စတင်ကောက်ယူသွားမည်ဖြစ်ကြောင်းကိုလည်းကောင်း၊ မြို့နယ်ကော်မရှင်ရုံးမှ ဦးစီးအရာရှိ ဦးအောင်ကိုကိုဝင်းက အသက်(၁၈)နှစ်နှင့်အထက် စာရင်းများကို တိကျမှန်ကန်စွာကောက်ယူပြီးစာရင်း ပြုစုသွားမည်ဖြစ်ကြောင်းရှင်းလင်းဆွေးနွေးခဲ့ရာ မြို့နယ်မြေပြင်လူဦးရေစာရင်းကောက်ယူရေးကော်မတီဥက္ကဋ္ဌက လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်း သိရသည်။
မျိုးညွန့်ရွှေ(မိုးနဲ)