မိုင်းတုံမြို့၌ နွေရာသီအခြေခံအားကစားသင်တန်းဖွင့်လှစ်

မိုင်းတုံ မတ် ၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် နွေရာသီအခြေခံအားကစားသင်တန်းဖွင့်ပွဲအခမ်းအနားကို ၂၀၂၅ ခုနှစ်၊ ယမန်နေ့ နေ့လယ် ၃ နာရီခွဲအချိန်က မြို့မအားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌဦးငြိမ်းထွန်း‌ကျော်က အဖွင့်အမှာစကားပြောကြားရာ မြန်မာ့အားကစားမှ ကမ္ဘာ့အားကစားသို့ ဆောင်ပုဒ်နှင့်အညီ မြင့်မားသောရည်မှန်းချက်များရရှိစေရန် နွေရာသီကျောင်း ပိတ်ရက်ကာလအတွင်း ကျောင်းသား၊ ကျောင်းသူများအချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ ဗလငါးတန်နှင့်ပြည့်စုံပြီး ကျန်းမာကြံ့ခိုင်သည့် လူငယ်၊ လူရွယ်များဖြစ်ပေါ်လာစေရန်၊ မိမိဝါသနာပါရာ အားကစားနည်းကို လေ့လာလိုက်စားခြင်းမှတစ်ဆင့် ကျွမ်းကျင်တတ်မြောက်ပြီး စဉ်ဆက်မပြတ်လေ့ကျင့်ကာ မိမိတို့ရဲ့မြို့ဂုဏ်ကိုဆောင်နိုင်တဲ့ အားကစားသမားများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ ဖွင့်လှစ်ရခြင်းဖြစ်ကြောင်းပြောကြား၍သင်တန်းသားများအတွက် အချိုရည်ဖိုး(၁၀၀၀၀ဝိ)လှူဒါန်းပေးပြီး သင်တန်းသားတစ်ဖွဲ့ခြင်းစီကို မိတ်ဆက်စကားပြောကြားခဲ့သည်။ ယင်းနွေရာသီအခြေခံအားကစားသင်တန်းကို  ၇-၃-၂၀၂၅ ရက်နေ့မှ ၂၁-၃-၂၀၂၅ ရက်နေ့ထိ ပြေးခုန်ပစ်၊ ဘောလုံး၊ ဖူဆယ်၊ ပိုက်ကျော်ခြင်း၊ ကြက်တောင်၊ စားပွဲတင်တင်းနစ်၊ Fitness Dance စသည့် အားကစားနည်း(၇)မျိုးဖြင့် မိုင်းတုံမြို့နယ်အတွင်းရှိ အားကစားဝါသနာပါသူကျောင်းသား၊ ကျောင်းသူ(၂၅၀)ဦးကို သင်တန်းကာလ(၂)ပတ်ကြာ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဦးစီးအရာရှိဦးရာဇာသန်းဝင်းထံမှ သိရှိရသည်။

ဝင်းဝင်းခိုင်(မိုင်းတုံ၊ပြန်/ဆက်)