မြောက်ဥက္ကလာပ မတ် ၈
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ လှူဒါန်းရရှိခဲ့သော စာအုပ်စာစောင်များအား မြို့နယ်အတွင်းရှိ ရပ်ကွက်စာကြည့်တိုက်များသို့ စာအုပ်စာစောင်များ ထပ်ဆင့်လှူဒါန်းပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ မြို့နယ်စာကြည့်တိုက်များကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးသိန်းဝင်းဇော်က အမှာစကားပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဒေါ်မြမြ၀င်းက စာအုပ်၊ စာစောင်များ လှူဒါန်ပေးအပ်ရခြင်းရည်ရွယ်ချက်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ လှူဒါန်းသောစာအုပ်များကို မိမိတို့ သက်ဆိုင်ရာရပ်ကွက်စာကြည့်တိုက်များတွင် စနစ်တကျရေးသွင်းဆောင်ရွက်ကြရန်လိုကြောင်း၊ ရပ်ကွက်ကျေးရွာစာကြည့်တိုက်များ ရှင်သန်အောင်မြင်ရေးအတွက် စာကြည့်တိုက်ကော်မတီများ၊ စာကြည့်တိုက်မှူးများက ဝိုင်းဝန်းဆောင်ရွက်ပေးကြရန်လိုကြောင်းစသည့်တို့ကို ပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်စာကြည့်တိုက်များ ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးသိန်းဝင်းဇော်နှင့် မြို့နယ်ဦးစီးမှူးဒေါ်မြမြ၀င်းတို့က တိုင်းဒေသကြီးအစိုးရအဖွဲ့မှ လှူဒါန်းသောစာအုပ်များကို သက်ဆိုင်ရာရပ်ကွက်စာကြည့်တိုက်မှူးများအား စာအုပ်စာစောင်များပေးအပ်လှူဒါန်းပြီး ရပ်ကွက်စာကြည့်တိုက်မှူးတစ်ဦးက ကျေးဇူးတင်စကားပြောကြခဲ့သည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ၀န်ထမ်းများ၊ မြို့နယ်စာကြည့်တိုက်များကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ရပ်ကွက်စာကြည့်တိုက်မှ စာကြည့်တိုက်မှူးများ တက်ရောက်ခဲ့ကြောင်း သိရသည်။
သက်လွင်စိုး (ပြန်/ဆက်)