နေပြည်တော် မတ် ၈
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဌာနဆိုင်ရာများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ (၂)နာရီတွင် နေပြည်တော်ကောင်စီရုံး၊ အစည်းအဝေးခန်းမ(၁)၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ တက်ရောက်ကြသည်။
ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အမှာစကားပြောကြားရာတွင် နေပြည်တော်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေး၊ MSME ထုတ်ကုန်များ တိုးတက်အောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ စိုက်ပျိုးရေးထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်နိုင်ရေး၊ ပြည်ပဈေးကွက်ဝင် ထုတ်ကုန်သီးနှံများ၊ စံပြထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်နိုင်ရေး၊ စိုက်ပျိုးသီးနှံများမှ ဘေးထွက်ပစ္စည်းများကို တိရစ္ဆာန်အစာအဖြစ် အကျိုးရှိရှိအသုံးချနိုင်ရေး ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စပ်လျဉ်းသည့် အခြေခံကိန်းဂဏန်းများ မှန်ကန်စေရေး၊ ဒေသတွင်း ဝမ်းစာဖူလုံရေးအတွက် စီမံချက်များ ချမှတ်ပြီး အကောင်အထည်ဖော် ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ စိုက်ပျိုးရေးအတွက် လိုအပ်သည့် စိုက်ပျိုးရေများကို လုံလောက်စွာရရှိရေးအတွက် သဲချောင်းများ၌ မြေအောက်တမံများ တည်ဆောက်ရေး၊ နယ်မြေစိမ်းလန်းစိုပြည်ရေးတို့ကို စနစ်တကျဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ စိုက်ပျိုးသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေး၊ သီးထပ်စွမ်းအားများ တိုးတက်ကောင်းမွန်ရေးတို့ကို စနစ်တကျစီမံဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ ဒေသတွင်းတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ ပညာရေးမြှင့်တင်မှုလုပ်ငန်းများတွင် စာသင်ကျောင်းများ ကျောင်းအင်္ဂါရပ်များနှင့် အညီဖြစ်စေရေးအတွက် ဘဏ္ဍာရေးနှစ်အတွင်း ပြုပြင်တည်ဆောက်နိုင်ရေး ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ ဘဏ္ဍာငွေသုံးစွဲမှုများနှင့်စပ်လျဉ်း၍ အမှန်တကယ်အကျိုးရှိစေနိုင်သည့် လုပ်ငန်းများကို ဦးစားပေးဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ ဝန်ထမ်းများနေထိုင်မှုအဆင်ပြေစေရန်အတွက် ဝန်ထမ်းလိုင်းခန်းများ ပြည့်စွာရှိစေရေး၊ နွေရာသီကျောင်းပိတ်ရက်များတွင် ကျောင်းသား/ကျောင်းသူများ အားလပ်ရက်ကို အကျိုးရှိရှိ အသုံးချနိုင်စေရေးအတွက် သင်တန်းများ ဖွင့်လှစ်သင်ကြားပေးခြင်း၊ ဆရာ/ဆရာမများအား မွမ်းမံသင်တန်းများ ဖွင့်လှစ်သင်ကြားပေးခြင်းတို့ကို အလေးထားဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ နေပြည်တော်အတွင်း တရားမဝင်ကုန်သွယ်မှုများ၊ မူးယစ်ဆေးဝါးများ ရောင်းချခြင်း၊ သုံးစွဲခြင်းများမရှိစေရေး အလေးထားကြပ်မတ် ဆောင်ရွက်ရမှာဖြစ်ကြောင်း၊ စာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများကို ဝိုင်းဝန်းဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကို စနစ်တကျလိုက်နာစေရေးအတွက် အသိပညာပေးလုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ ပူးပြင်းခြောက်သွေ့သည့် နွေရာသီရောက်ရှိလာပြီဖြစ်သဖြင့် မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ၊ ကြိုတင်ဇာတ်တိုက်လေ့ကျင့်ခြင်းလုပ်ငန်းများ၊ သောက်သုံးရေပြတ်လပ်မှုမရှိစေရေး၊ ကျေးရွာ/ရပ်ကွက် သန့်ရှင်းသာယာလှပစေရေးတို့ကို စနစ်တကျ စီမံဆောင်ရွက်ကြရမှာဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီအတွင်းရေးမှူး ဦးညီညီမင်းက ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရမည့်လုပ်ငန်းများကို ရှင်းလင်းတင်ပြပြီး ဌာနဆိုင်ရာတာဝန်ရှိသူများက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို သက်ဆိုင်ရာကဏ္ဍများအလိုက် အသီးသီး ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက တင်ပြချက်များနှင့် စပ်လျဉ်း၍ လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
ထွန်းထွန်းဝင်း(ပြန်/ဆက်)