တောင်ဥက္ကလာပမြို့နယ်အတွင်း ရေစီးရေလာကောင်းမွန်ရေးလုပ်ငန်းများဆောင်ရွက်နေမှု ဒုတိယမြို့တော်ဝန် ကြည့်ရှုစစ်ဆေး

ရန်ကုန် မတ် ၈

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဒုတိယဥက္ကဋ္ဌ (ဒုတိယမြို့တော်ဝန်) ဦးညီညီသည် ကော်မတီဝင်များ၊ဌာနမှူးများလိုက်ပါ၍ ယမန်နေ့နံနက်ပိုင်းက တောင်ဥက္ကလာပမြို့နယ်အတွင်း ရေစီးရေလာကောင်းမွန်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။

ရှေးဦးစွာ ဒုတိယမြို့တော်ဝန်နှင့်အဖွဲ့သည် တောင်ဥက္ကလာပမြို့နယ်၊ (၁၄) ရပ်ကွက်သို့ သွားရောက်၍ သခင်ဖိုးလှကြီးလမ်းမတစ်လျှောက် အင်ဂျင်နီယာဌာန(ရေစီးရေလာစီမံခန့်ခွဲမှု) မှ  မိုးရာသီကာလ ရေကြီးရေလျှံမှု မရှိစေရန် လမ်းမတစ်လျှောက် ရေနုတ်မြောင်းများ၊ လမ်းသွယ်များအတွင်းရှိ ရေနုတ်မြောင်းများအတွင်းမှ အမှိုက်နှင့်မြောင်းချေးများ၊ နုန်းများကို ယန္တရားများဖြင့် ဆယ်ယူနေမှုကို ကြည့်ရှုစစ်ဆေးပြီး ဒုတိယမြို့တော်ဝန်က လမ်းပေါ်ရှိကျူးကျော်နေထိုင်မှုများ မရှိစေရေး၊ သန့်ရှင်းသာယာလှပရေးလုပ်ငန်းများ ဆောင်ရွက်ရန် မှာကြားသည်။

ဆက်လက်၍ ဒုတိယမြို့တော်ဝန်နှင့်အဖွဲ့သည်  တောင်ဥက္ကလာပမြို့နယ်၊ (၁၃) ရပ်ကွက်သို့ သွားရောက်၍ ဒေဝဒဟအားကစားကွင်းအား အဆင့်မြှင်တင်ဆောင်ရွက်ရန် ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

အောင်မြင့်(ပြန်/ဆက်)