ဇလွန် မတ် ၇
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်တာဝန်ရှိသူများသည် ဇလွန်မြို့တွင် ရှစ်ရက်ကြာကျင်းပမည့် မာရ်အောင်မြင်ပြည်တော်ပြန် မြတ်စွာဘုရားကြီး၏တပေါင်းလဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲနှင့် ရွှေသားမျက်နှာကြက်တော်ကြီး လှူဒါန်းမှု ရေစက်ချခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် တက်ရောက်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မာရ်အောင်မြင်ပြည်တော်ပြန် မြတ်စွာဘုရားကြီး၏ မြောက်ဘက်စောင်းတန်း မုဒ်ဦးရှေ့တွင် ကျင်းပပြုလုပ်သော တပေါင်းလဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲကို ဧရာဝတီတိုင်း ဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်တာဝန်ရှိသူများက ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးခဲ့ပြီး အမှတ်တရ စုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ကူးခဲ့ကြသည်။ ယင်းနောက် မဟာအတုလဝေယံပြည်တော်ပြန် သာသနာ့ဗိမာန်တော်ကြီးအတွင်းတွင် ရွှေသားမျက်နှာ ကြက်တော်ကြီး လှူဒါန်းမှုရေစက်ချအခမ်းအနားကို ဆက်လက်ကျင်းပရာ အခမ်းအနားကို “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီး နာယကဆရာတော်ကြီးထံမှ ငါးပါးသီလခံယူဆောက်တည်၍ ဆရာတော်သံဃာတော်များက မေတ္တာသုတ် ရွတ်ဖတ်သရဇ္စျယ် ခဲ့ကြသည်။ ယင်းနောက် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက သာသနာရေးဆိုင်ရာများလျှောက်ထားခဲ့ပြီး ဆရာတော်သံဃာတော်များအား လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်း၍ နာယကဆရာတော်ကြီးထံမှ ရေစက်ချတရားတော် နာကြားခဲ့သည်။ ထို့နောက် ဆရာတော်၊ သံဃာတော်များအမှူးပြု၍ ကြွရောက်လာသော ဧည့်ပရိတ်သတ်များက “ဗုဒ္ဓသာသနံစိရံတိဋ္ဌတု” သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားပြီးမြောက်ခဲ့ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်က ရတနာရွှေမိုးငွေမိုး သွန်းဖြိုးပေးခဲ့သည်။
ဝေယံ - ဇလွန်(ပြန်/ဆက်)