ကျိုက်ထိုမြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်အတွင်း မီးဘေးလုံခြုံရေး အသိပညာပေးလုပ်ငန်းများဆောင်ရွက်

ကျိုက်ထို မတ် ၇

မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ် မီးသတ်ဦးစီးဌာနမှ ပွင့်လင်းရာသီရောက်ရှိလာသည်နှင့်အညီ မီးဘေးအန္တရာယ်ကြောင့် ပြည်သူများ ထိခိုက်နစ်နာဆုံးရှုံးမှုမရှိစေရေးအတွက် ဇေယျာမွန်ရပ်ကွက်အတွင်းရှိ နေအိမ်များ၊ စက်ရုံအလုပ်ရုံများ၊ ဈေးများ၊ မီးဘေးလုံခြုံရေးအတွက် အသိပညာပေးကွင်းဆင်းစစ်ဆေးခြင်းကို ယမန်‌နေ့မွန်လွဲပိုင်းက ဆောင်ရွက်ခဲ့သည်။

ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာန၊ ဦးစီးအရာရှိ ဦးဝေယံအောင်နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်၊ ကျေးရွာအရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ တာဝန်ရှိသူများက မီးချိတ်၊ မီးကပ်၊ သဲအိတ်များ၊ ရေပုံးများ၊ မီးသတ်ဆေးဗူးစသည့် မီးဘေးကာကွယ်ရေးပစ္စည်းများအား အဆင်သင့်ထားရှိရေး၊ လောင်စာဆီများ သိုလှောင်ထားခြင်းမပြုရန်၊ တပ်ဆင်ထားသည့် ဟောင်းနွမ်းနေသော လျှပ်စစ်ဝါယာကြိုးများနှင့် ပျက်စီးနေသော လျှပ်စစ်ပစ္စည်းများအား အသုံးမပြုကြရန်၊ မီးဖိုများဖြင့် ထမင်း၊ ဟင်းချက်ပြုတ်ပြီးပါက မီးကြွင်း၊ မီးကျန်များအား စနစ်တကျမီးငြိမ်းသတ်ကြရန်နှင့် မတော်တဆ မီးလောင်မှုဖြစ်ပွားပါက ပြည်သူများ ကိုယ်တိုင်မီးငြှိမ်းသတ်နိုင်သည့် နည်းစနစ်များ၊ မီးဘေးအန္တရာယ် ကြုံတွေ့ချိန်တွင် အသက်အန္တရာယ် မထိခိုက်စေရေး ဆောင်ရွက်ရမည့်အချက်များနှင့် မီးလောင်ပါက မြို့နယ်မီးသတ်ဦးစီးဌာနသို့ ဆက်သွယ်ရမည့် ဖုန်းနံပါတ် စသည်တို့ကို စစ်ဆေးအကြံပြုလမ်းညွှန်မှာကြားခဲ့ကြကြောင်း သိရသည်။

ကျိုက်ထိုမြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် ပြည်သူများ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ရပ်ကွက်/ကျေးရွာများတွင် နေအိမ်များမီးဘေးလုံခြုံရေးအတွက် တစ်အိမ်တက်ဆင်း ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ၊ အသိပညာပေးဟောပြောခြင်းနှိုး‌ဆော်ခြင်းလုပ်ငန်းများကို နေ့စဥ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)