လသာ မတ် ၇
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လသာမြို့နယ်တွင် မသန့်ရှင်းသောရေနှင့် အစားအသောက်များကြောင့် ဖြစ်ပွားတတ်သည့် အသည်းရောင်အသားဝါ (အေ) ရောဂါ ကြိုတင်ကာကွယ်ရန်အတွက် ယနေ့နံနက် (၈) နာရီအချိန်က လသာမြို့နယ်အတွင်းရှိ စားသောက်ဆိုင်များ၊ စျေးများအတွင်း ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးနှင့် ဝန်ထမ်းများ၊ စျေးတာဝန်ခံနှင့်ဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းအဖွဲ့များက စားသောက်ဆိုင်များနှင့်စျေးများအတွင်းရှိ အစားအသောက်ရောင်းချသည့်ဆိုင်များ၊ သားငါးနှင့်ဟင်းသီးဟင်းရွက်ရောင်းချသည့် စျေးဆိုင်များအားကျန်းမာရေးနှင့် ညီညွတ်စွာရောင်းချခြင်း ရှိ/မရှိ လိုက်လံစစ်ဆေးပြီး အစားအသောက်များသန့်ရှင်းစွာရောင်းချရန်၊ သန့်ရှင်းသောရေအသုံးပြုရန် အသိပညာပေးခြင်း၊ အသည်းရောင်အသားဝါ (အေ) ရောဂါနှင့်ပတ်သက်၍ သိကောင်းဆင်ခြင်စရာ အသိပညာပေးခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
နန်းသဲနုအောင်(ပြန်/ဆက်)