ဈေးကွက်လည်းဝင် ဆေးဖက်ဝင် သံပုရာပင်တိုးချဲ့စိုက်ပျိုးကြ

ရွာငံ မတ် ၇

သံပုရာသည်နှစ်ရှည်သီးပင်ဖြစ်၍ စိုက်ပျိုးရလွယ်ကူကာဆေးဖက်ဝင်တန်ဖိုးမြှင့် စားပင်တစ်မျိုးဖြစ်သည်။‌ သံပုရာမျိုးများတွင် ဗမာသံပုရာအစေ့မျိုး၊ ဗမာသံပုရာကိုင်းကူးမျိုး ၊ ယိုးဒယားသံပုရာကိုင်းကူး၊ အစေ့မဲ့ဟော်လန်ကိုင်းကူး၊ သံမယိုစသည့် မျိုးပေါင်းများစွာရှိရာ မြန်မာနိုင်ငံတွင်  မိမိတို့ဒေသရေမြေရာသီဥတုနှင့်ကိုက်ညီသည့် မျိုးကောင်းမျိုးသန့်များကို ရွေးချယ်စိုက်ပျိုးကြသည်။

ရွာငံမြို့နယ်တွင် ဗမာသံပုရာကိုင်းကူးမျိုးများကို အဓိကရွေးချယ်စိုက်ပျိုးကြပြီး  (၂)ပေအကျယ် ၊ (၂)ပေအနက်၊ ပင်ခြားတန်းခြား (၉)ပေရှိကျင်းများတွင် နွားချေး၊ မြေဆွေးများထည့်ကာ တစ်နှစ်သားအရွယ်ရှိ ရှောက်ပင်များကို ရှေးဦးစွာစိုက်ပျိုးရသည်။ ရှောက်ပင်စိုက်ပြီး တစ်နှစ်ကျော်အကြာ မတ်လနှင့်ဧပြီလများတွင် ပင်ရေတက်ချိန်ဖမ်းကာ မျိုးသန့်သောသံပုရာပင်မှမျိုးကိုင်းများယူကာ မျက်စိကိုယူ၍ သပ်ထိုးစနစ်ဖြင့်ကိုင်းကူးစိုက်ပျိုးကြသည်။ တစ်ဧကတွင် အပင်ပေါင်း (၅၀၀)ခန့်စိုက်ပျိုးနိုင်ပြီး အပင်ပြုစုမှုအပေါ်မူတည်၍ နှစ်(၃၀)ခန့်အထိ ကြာရှည်ခံ နှစ်ရှည်ပင်ဖြစ်သည်။

လိုအပ်သောခြံပြုပြင်ခြင်း၊ ပိုးသတ်ဆေးဖြန်းပေးခြင်း၊ မြေဆီမြေဩဇာကျွေးပြီး ပြုစုစောင့်ရှောက်ပါက(၃)နှစ်ကျော်တွင် အသီးများစတင်ပန်းဝင်ပြီး နောက်နှစ်များတွင် တဖြေးဖြေးအထွက်တိုးလာသည်။ သံပုရာပင်များတွင်ရွက်ထိုးပိုး၊ ပင်စည်ထိုးပိုး၊ ခွံပုတ်ပိုးများကျတတ်၍ ပိုးမွှားရောဂါစနစ်တကျကာကွယ်ရန် အထူးလိုအပ်လှသည်။

ရေပေးနိုင်ပါက တစ်နှစ်ပတ်လုံးအသီးများရရှိသည်။ သံပုရာသီးသည်အိမ်ရှင်မများအတွက် မရှိမဖြစ်လိုအပ်ကာ ကျန်းမာရေးအတွက်များစွာအကျိုးထူးလှသည်။ သံပုရာအမြစ်ကိုသွေး၍သောက်ပါက သွေးတိုးခြင်းမှအမြန်လျော့ကျခြင်း၊ အစေ့၊ အခွံတို့ကို ဝါးစားပြီး အရည်ကိုသကြားအနည်းငယ်ဖြင့်ဖျော်သောက်ပါက သွေးတိုးမူးမော်ခြင်းမှသက်သာပြီး လန်းဆန်းပေါ့ပါးစေလိုသည်။ သံပုရာရည်၊ ပျားရည်၊ အိမ်ကြက်ဥတို့ကို ရေနွေးပူပူဖြင့်သောက်ပါက ခွန်အားကိုတိုးစေပါသည်။ စားသောက်ကုန်အဖြစ်လည်းကောင်း၊ ကျန်းမာရေးအတွက်လည်းကောင်း ဘက်စုံအသုံးဝင် သံပုရာသီးကို အသုံးပြုသူများပြားလာကြသည်။

သံပုရာပင်သည် (၁၂) ရာသီ သီးသော်လည်း မိုးသီးနှင့်ဆောင်းသီးများမှာ တစ်ပိဿာလျှင် (၅,၀၀၀)ကျပ် ဝန်းကျင်ဈေးရသော်လည်း ‌ဇန်နဝါရီ၊ ဖေဖော်ဝါရီ၊ မတ်လနှင့်ဧပြီလများတွင် အသီးသန့်ပါက တစ်ပိဿာလျှင်(၁၂,၀၀၀)ကျပ်ဝန်းကျင်နှင့် အသီးသေးပါက(၁၀,၀၀၀)ကျပ်အထက် ဈေးကွက်ရှိသောကြောင့်  ရွာငံမြို့နယ်တွင် သံပုရာကို တိုးချဲ့စိုက်ပျိုးလာကြသည်။

မြို့နယ်ပြန်/ဆက်