ဆိပ်ကြီးခနောင်တိုမြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲအတွက် ကြိုတင်ပြင်ဆင်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ဆိပ်ကြီးခနောင်တို မတ် ၇

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ မတ်လ ၁၇ ရက်နေ့တွင် စတင်ကျင်းပပြုလုပ်မည့် တက္ကသိုလ်ဝင်စာမေးပွဲအတွက် ကဏ္ဍအလိုက် ဆောင်ရွက်ရမည့်လုပ်ငန်းများ ကြိုတင်ပြင်ဆင်နိုင်ရေး ဌာနဆိုင်ရာလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ (၂) နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးတွင် ပြုလုပ်ခဲ့သည်။

ဦးစွာ အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်လှိုင်က အမှာစကားပြောကြားရာတွင် စာမေးပွဲဖြေဆိုမည့် စာစစ်ဌာနကျောင်းနှင့် စာဖြေခန်းများရှိ လျှပ်စစ်မီးနှင့် မီးခလုတ်များအား သေချာစွာစစ်ဆေးထားရှိရေး၊ အရေးပေါ်မီးစက်အသင့်ထားရှိရေး၊ စာဖြေခုံများခိုင်ခံ့မှု ရှိ/ မရှိ ကြိုတင်စစ်ဆေးပြင်ဆင်ထားရှိရေး၊ စာဖြေခုံနံပါတ်များ သေချာစွာဂရုပြုကပ်ထားရေး၊ စာစစ်ဌာနကျောင်းဝင်း အတွင်း/အပြင်ရှိအမှိုက်များရှင်းလင်းထားရှိရေး၊ စာမေးပွဲဖြေဆိုမည့် ကျောင်းသား/ကျောင်းသူများ ယာဥ်အန္တရာယ်ကင်းရှင်းအောင် ဆောင်ရွက်ထားရှိရေး၊ ကျောင်းဝင်းအတွင်း/အပြင် လုံခြုံရေးစီစဥ်ထားရှိရေး၊ ကျန်းမာရေးစောင့်ရှောက်မှု စီစဥ်ထားရှိရေး၊ စာမေးပွဲမဖြေဆိုမီနှင့် စာမေးပွဲဖြေဆိုနေစဥ်ကာလ၌ မြို့နယ်အတွင်း ဆူညံသံများမဖြစ်ပေါ်စေရေး၊ စာမေးပွဲဖြေဆိုမည့် ကျောင်းသား/ကျောင်းသူများ စိတ်အေးချမ်းစွာ စာမေးပွဲဖြေဆိုနိုင်ရေးအတွက် သက်ဆိုင်ရာကဏ္ဍအလိုက် တာဝန်ရှိသူများကပူးပေါင်းဆောင်ရွက်ရေး စသည်ဖြင့်ပြောကြားပြီး၊ တက်ရောက်လာသည့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များက တက္ကသိုလ်ဝင်စာမေးပွဲအတွက် မိမိတို့ဆောင်ရွက်မည့် အစီအစဥ်များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ဖြည့်စွက်ညှိနှိုင်း ပြောကြားခဲ့သည်။

ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ယခုကျင်းပပြုလုပ်မည့် တက္ကသိုလ်ဝင်စာမေးပွဲတွင် စာစစ်ဌာနအဖြစ် အခြေခံပညာအထက်တန်းကျောင်း (အ.ထ.က-ခနောင်တို) စာစစ်ဌာနတစ်ခုထားရှိပြီး၊ စာမေးပွဲဖြေဆိုမည့် ကျောင်းသား/ ကျောင်းသူ စာရင်းအရ အတွင်းဖြေ ၁၈၀ ဦးနှင့် ပြင်ပဖြေ ၅၇ ဦး စုစုပေါင်း ကျောင်းသား/ကျောင်းသူ ၂၃၇ ဦးရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ဝေယံ(ပြန်/ဆက်)