ထန်းတပင်မြို့နယ်၌ ပရိယတ္တိသဒ္ဓမ္မဟိတကာရီစာမေးပွဲနှင့် အစိုးရပါဠိပထမပြန်စာမေးပွဲစာအောင် သံဃာဆုပေးပွဲကျင်းပ

ထန်းတပင် ရန်ကုန် မတ် ၇

ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ် သံဃနာယကအဖွဲ့ ဆရာတော်ကြီးများမှကြီးမှူး၍ ကျင်းပပြုလုပ်သော ပရိယတ္တိသဒ္ဓမ္မဟိတကာရီစာမေးပွဲနှင့် အစိုးရပါဠိပထမပြန်စာမေးပွဲတွင် အောင်မြင်တော်မူခဲ့ကြသည့် စာအောင်သံဃာများအား အောင်လက်မှတ်နှင့် ဆုများဆက်ကပ်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက အမှတ်(၁)ရပ်ကွက်ရှိ မြို့နယ်လုံးဆိုင်ရာ သာသနာ့ဗိမာန်တော်ကြီးတွင် ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ရှေးဦးစွာ အခမ်းအနားသို့ ကြွရောက်တော်မူကြကုန်သော သံဃာတော်အရှင်သူမြတ်များ နှင့်တပည့် ဒါယကာ၊ ဒါယိကာမအပေါင်းတို့မှ နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့ကြပြီး မြို့နယ်သံဃနာယကအဖွဲ့ဒုဥက္ကဋ္ဌ
  စိန္တိတာရာမ နိမ္မိတာရုံကျောင်း ဆရာတော်    ဘဒ္ဒန္တ စိန္တိတထံ မှငါးပါးသီလခံယူ ဆောက်တည်ခဲ့ကြသည်။
ဆက်လက်၍ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်ဘဒ္ဒန္တသီလာစာရထံမှ
    တပည့်ဒါယကာ၊ ဒါယိကာမ အပေါင်းတို့မှ သြဝါဒကထာကို နာယူခဲ့ကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနိုင်နိုင်ဦးက သာသနာရေးဆိုင်ရာ ကိစ္စရပ်များကို လျှောက်ထားတင်ပြခဲ့သည်။
ထို့နောက် အစိုးရပါဠိပထမပြန်စာမေးပွဲတွင် ပထငယ်တန်း(၁၃)ပါးနှင့် အ ခြေပြုမူလတန်း(၄၅)ပါး၊ မြို့နယ်သံဃနာယကဆရာတော်ကြီးများမှ ကြီးမှူးကျင်းပသော ပရိယတ္တိသဒ္ဓမ္မဟိတကာရီ စာမေးပွဲ ပထမလတ်တန်းတွင် အောင်မြင်တော်မူသည့် စာအောင်သံဃာ (၁)ပါး၊ ပထမငယ်တန်းတွင်အောင်မြင်တော်မူသည့် စာအောင်သံဃာ (၈)ပါး၊ အခြေပြုမူလတန်းတန်းတွင် အောင်မြင်တော်မူသည့် စာအောင်သံဃာ (၂၇)ပါး၊ အခြေပြုတန်းတွင် အောင်မြင်တော်မူသည့် စာအောင်သံဃာ (၁၄)ပါးနှင့် ရှင်သာမဏေတန်းတွင် အောင်မြင်တော်မူ သည့် စာအောင်သံဃာ (၁၂၂)ပါးတို့အား မြို့နယ် သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်ဘဒ္ဒန္တသီလာစာရ၊ မြို့နယ်သံဃနာယကအဖွဲ့ဒုဥက္ကဋ္ဌ စိန္တိတာရာမ နိမ္မိတာရုံကျောင်း ဆရာတော် ဘဒ္ဒန္တ စိန္တိတ၊ မြို့နယ် သံဃနာယကအဖွဲ့ဝင်ဆရာတော်များနှင့် တာဝန်ရှိသူများက အောင်လက်မှတ်များနှင့် ဆုများကို ဆက်ကပ်ခဲ့ကြကြောင်းလည်း သိရသည်။
ဇင်မင်းထိုက်(ပြန်/ဆက်)