မိတ္ထီလာမြို့နယ်၌ ဆည်ရေ၊ ကန်ရေဖြင့် နွေစပါးနှင့် နွေနှမ်းသီးနှံ စိုက်ဧက ၈၂၀ ဧက စိုက်ပျိုးသွားမည် 

မိတ္ထီလာ မတ် ၇

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၌ ၂၀၂၄-၂၀၂၅ခုနှစ် ဆည်ရေကန်ရေဖြင့် နွေစပါးနှင့် နွေနှမ်းသီးနှံ စိုက်ဧက ၈၂၀ ဧက စိုက်ပျိုးသွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မိတ္ထိလာမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနတွင်  ဆည်ရေ၊ ကန်ရေဖြင့် နွေစပါးနှင့် နွေနှမ်းသီးနှံများ စိုက်ပျိုးနိုင်ရေး လျာထားပြီး စိုက်ပျိုးလျက်ရှိသည်။ ထိုသို့ လျာထားသတ်မှတ်ပြီး စိုက်ပျိုးလျက်ရှိရာ  ၂၀၂၄-၂၀၂၅ ခုနှစ်တွင် မိတ္ထီလာမြို့နယ်အတွင်းရှိ မိတ္ထီလာကန်၊ မုန်တိုင်၊ ချောက်ကောက်ဆည် ရေများဖြင့် နွေစပါးနှင့် အခြားသီးနှံစိုက်ပျိုး ဧက ၈၂၀ ဧက စိုက်ပျိုးသွားရန် လျာထားသတ်မှတ်ခဲ့ပြီး ၎င်းလျာထားသတ်မှတ်ထားသည့် စိုက်ဧကများ သတ်မှတ်လျာထားချက် ပြည့်မီရေးနှင့် ပန်တိုင်အထွက်နှုန်းထွက်ရှိစေရေး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဒေသခံစိုက်ပျိုးရေးတောင်သူများနှင့် ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိရာ နွေစပါးစိုက်ပျိုးရေးနိုင်ရေး ပျိုးထောင်ရေကို ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှ စတင်၍ လွှတ်ပေးလျက်ရှိပြီး ဒေသခံတောင်သူများက ပျိုးထောင်ထားရှိပြီးဖြစ်သည်။

မိတ္ထီလာမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ခုနှစ်၌ မိတ္ထီလာကန်ရေဖြင့် ထမုန်ကန်ကျေးရွာအုပ်စုတွင် နွေစပါးစိုက်ဧက ၂၄၅ဧက၊ ညောင်ကိုင်းကျေးရွာအုပ်စုတွင် နွေစပါးစိုက်ဧက ၅၀၊ မကျီးစုကျေးရွာအုပ်စုတွင် နွေစပါး စိုက်ဧက ၇၅ ဧက၊ တောမကျေးရွာအုပ်စုတွင် နွေနှမ်းသီးနှံ စိုက်ဧက ၁၅၀ ဧက၊ ဇောင်ချမ်းကုန်းကျေးရွာအုပ်စုတွင် နွေနှမ်းသီးနှံ စိုက်ဧက ၁၀၀၊ မုန်တိုင်ဆည်ရေဖြင့် မုန်တိုင် ကျေးရွာအုပ်စုတွင် နွေစပါးစိုက်ဧက ၅၅ ဧက၊ သီးကုန်းကျေးရွာအုပ်စုတွင် နွေစပါးစိုက်ဧက ၉၅ ဧကနှင့် ချောင်းကောက်ဆည်ရေဖြင့် နွေစပါးစိုက်ဧက ၅၀ တို့ကို စိုက်ပျိုးသွားရန် သတ်မှတ် လျာထားကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)