ပုဗ္ဗသီရိ မတ် ၇
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်ရှိ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၏ (၁၇) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် အဆိုပါ စေတီတော်မြတ်ကြီး၏ တောင်ဘက်ရှိတပေါင်းကွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၏ (၁၇) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲမုခ်ဦးအား နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီ ဌာနကြီးမှူး ဦးစိုးဝင်း၊ နေပြည်တော်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဇော်မင်းဦးနှင့် ဥပ္ပါတသန္တိစေတီတော် မြတ်ကြီးဂေါပကအဖွဲ့ ဥက္ကဋ္ဌဦးထွန်းကြည်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။
ထို့နောက် နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးနှင့် တာဝန်ရှိသူများက (၁၇) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် အထိမ်းအမှတ် မြန်မာ့ရိုးရာခြင်းအလှခတ် ဖျော်ဖြေနေမှုအား ကြည့်ရှုအားပေးပြီး နေပြည်တော်ကောင်စီဝင်နှင့် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးဂေါပကအဖွဲ့ ဥက္ကဋ္ဌတို့က မြန်မာ့ရိုးရာခြင်းအလှခတ် ဖျော်ဖြေမှုတွင် ပါဝင်ကူညီခဲ့သူများအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။
အဆိုပါ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၏ (၁၇)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲတွင် ပွဲတော်လာပြည်သူများအား ဇတ်သဘင်ဖျော်ဖြေမှု၊ တေးဂီတဖျော်ဖြေမှု၊ မြန်မာ့ရိုးရာ ခြင်းအလှခတ်ဖျော်ဖြေမှုများအပြင် ချား၊ ရဟတ်၊ ပျော့ပျော့အိ ကလေးကစားကွင်းများ စသည့်ပျော်ရွှင်ဖွယ် အစီအစဉ်မျိုးစုံဖြင့် ၁၃၈၆ ခုနှစ်၊ တပေါင်းလဆန်း ၉ ရက်မှ တပေါင်းလပြည့်နေ့အထိ (မတ်လ ၇ ရက်မှ ၁၃ ရက်အထိ) ခုနစ်ရက်တိုင်တိုင် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၏ တောင်ဘက်ရှိ တပေါင်းကွင်းတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ကို (ပုဗ္ဗသီရိ) ပြန်/ဆက်