လမ်းမတော်မြို့နယ်တွင် မသန့်ရှင်းသောရေနှင့် အစားအသောက်မှတစ်ဆင့် ကူးစက်တတ်သောရောဂါများ ကာကွယ်တားဆီးရေး ကွင်းဆင်းစစ်ဆေး

လမ်းမတော် မတ် ၇

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လမ်းမတော်မြို့နယ်တွင် သောက်သုံးရေနှင့် အစားအသောက်မှတစ်ဆင့် ကူးစက်တတ်သောရောဂါများ ကာကွယ်တားဆီးနိုင်ရေးအတွက် ယမန်နေ့ညနေ (၄) နာရီအချိန်က အမှတ် (၃) ရပ်ကွက်နှင့် အမှတ် (၇) ရပ်ကွက်အတွင်းရှိ လမ်းဘေးစျေးဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထို့သို့စစ်ဆေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သွားနှင့်ခံတွင်း ဒေါက်တာအောင်ဟိန်းဦးနှင့် ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ လက်ထောက်အုပ်ချုပ်ရေးမှူး ဦးအောင်ဆွေနှင့်ဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် မြို့နယ်ရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် လမ်းမတော်မြို့နယ် အမှတ် (၃) ရပ်ကွက်နှင့် အမှတ် (၇) ရပ်ကွက်အတွင်းရှိ အစားအသောက်ရောင်းချသည့် လမ်းဘေးစျေးဆိုင်များအား မသန့်ရှင်းသော ရေနှင့်အစားအသောက်မှတစ်ဆင့် ကူးစက်တတ်သောရောဂါများ ဖြစ်ပွားမှုလျှော့ချရေးနှင့် ကာကွယ်ရေးအတွက် ရောဂါလက္ခဏာများနှင့်အစားအသောက် ရောင်းချရာ၌ ဘေးကင်းလုံခြုံစိတ်ချစွာ ရောင်းချရန်၊ အစားအစာ ပြင်ဆင်ချက်ပြုတ်ရာတွင် လိုက်နာရမည့်အချက်များအား ကျန်းမာရေးအသိပညာပေးခြင်း၊ လတ်တလောဖြစ်ပေါ်နေသော Hepatitis A ရောဂါနှင့်ပတ်သက်၍ သိမှတ်ဖွယ်ရာများအား အသိပညာပေးဟောပြောခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်းနှင့် အစားအသောက်များစစ်ဆေးခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တင်တင်စိန်(ပြန်ဆက်)