ကျောက်ပန်းတောင်း မတ် ၇
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်အတွင်းသို့ အကြမ်ဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာရောက်ရှိလာသော ပြည်သူများအား အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေဖြင့် တစ်ဦးလျှင် ငွေကျပ် ၂၀၀၀၀ နှုန်းစီ ထောက်ပံ့ပေးအပ်ခြင်းကို၊ မတ်လ (၆) ရက်နေ့ ညနေ (၃) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ စကားဝါခန်းမတွင် ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းလွင်က ယာယီနေရပ်စွန့်ခွာပြည်သူများအား ငွေကျပ် ၂၀၀၀၀ နှုန်းစီ ထောက်ပံ့ပေးအပ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်(၁) ဗိုလ်မှူး နောင်ထွန်းနီတို့က အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာ၍ ကျောက်ပန်းတောင်းမြို့နယ်အတွင်း ရောက်ရှိနေသည့် ဌာနဆိုင်ရာဝန်ထမ်းများနှင့် အရပ်သားပြည်သူ (၂၁၇) ဦးတို့အနက်၊ တက်ရောက်လာသူများအား တစ်ဦးလျှင် ငွေကျပ် ၂၀၀၀၀ နှုန်းစီကို လက်ဝယ်အရောက် ပေးအပ်ခဲ့ကြပြီး၊ တက်ရောက်နိုင်ခြင်း မရှိသူများအား သက်ဆိုင်ရာ ဌာနတာဝန်ရှိသူများနှင့် ရပ်ကွက်/ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများမှ တစ်ဆင့် အိမ်တိုင်ရာရောက်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ထောက်ပံ့ငွေပေးအပ်ရာတွင် နေရပ်စွန့်ခွာ ဌာနဆိုင်ရာဝန်ထမ်းနှင့် ပြည်သူ (၂၁၇) ဦးအတွက် စုစုပေါင်းငွေ ကျပ် (၄၃၄၀၀၀၀) ကို ထောက်ပံ့ပေးအပ်ခဲ့ခြင်းဖြစ်ပြီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းလွင်နှင့် အဖွဲ့ဝင် (၁) ဗိုလ်မှူးနောင်ထွန်းနီ၊ လုပ်ငန်းဆိုင်ရာ ကော်မတီဝင်ဌာနဆိုင်ရာများနှင့် ယာယီနေရပ်စွန့်ခွာပြည်သူများ စုစုပေါင်း (၅၄) ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)