ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း တက္ကသိုလ်ဝင်စာမေးပွဲစာစစ်ဌာနများ၏ ကြီးကြပ်ရေးမှူးများ၊ လက်ထောက်ကြီးကြပ်ရေးမှူးများနှင့် တွေ့ဆုံပွဲအခမ်းအနား တက်ရောက်

စစ်တွေ မတ် ၇

၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲစာစစ်ဌာနများ၏ ကြီးကြပ်ရေးမှူးများ၊ လက်ထောက်ကြီးကြပ်ရေးမှူးများ၊ အခန်းစောင့်ဆရာ၊ ဆရာမများနှင့် တွေ့ဆုံပွဲအခမ်းအနားကို မတ်လ ၅ ရက်နေ့ ညနေပိုင်းတွင် စစ်တွေမြို့၊ ခိုင်သဇင်ခန်းမ၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ တက္ကသိုလ်ဝင်စာမေးပွဲ စာစစ်ဌာနများ၏ ကြီးကြပ်ရေးမှူးများ၊ လက်ထောက်ကြီးကြပ်ရေးမှူးများ၊ အခန်းစောင့်ဆရာ၊ ဆရာမများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအတွက် မြန်မာနိုင်ငံစာစစ်ဌာနက ရခိုင် ပြည်နယ်တွင် စာစစ်ဌာန (၈) ခု ဖွင့်လှစ်ထားပြီး စစ်တွေမြို့တွင် စာစစ်ဌာန (၄) ခု၊ ကျောက်ဖြူမြို့တွင် စာစစ်ဌာန (၂) ခု၊ မာန်အောင်မြို့တွင် စာစစ်ဌာန (၂) ခုဖြစ်ကြောင်း၊ ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများမှာ ကျောင်းတွင်းဖြေ (၁၄၉၂) ဦး၊ ပြင်ပဖြေ (၆၀၅)ဦး ဖြစ်သည့်အတွက် စုစုပေါင်း (၂၀၉၇) ဦးဖြေဆိုသွားမည်ဖြစ်ကြောင်း၊ တက္ကသိုလ်ဝင်စာမေးပွဲ စာစစ်ဌာနများတွင် တာဝန်ထမ်းဆောင်ကြမည့် ကြီးကြပ်ရေးမှူးများ၊ လက်ထောက်ကြီးကြပ်ရေးမှူးများအနေဖြင့် မတ်လ (၁၇) ရက်နေ့တွင် စစ်ဆေးမည့် တက္ကသိုလ်ဝင်စာမေးပွဲကို အေးအေးချမ်းချမ်းနှင့် အောင်အောင်မြင်မြင် ကျင်းပနိုင်ရေးအတွက် စွမ်းစွမ်းတမံဆောင်ရွက်ကြရန် အထူးပင်လိုအပ်ကြောင်း၊ ဒေသတစ်ခု၏ ပညာရည်ဖွံ့ဖြိုးတိုးတက်မှုကို တိုင်တာသည့်အခါ တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်ရာနှုန်း မြှင့်မားရေးသည်လည်း အချက်တစ်ချက်အနေဖြင့် ပါဝင်နေကြောင်း၊ အစိုးရစစ်စာမေးပွဲ ဖြစ်သည့်အတွက် တက္ကသိုလ်ဝင်စာမေးပွဲ၏ အောင်ချက်ရာခိုင်နှုန်းသည် အလွန်အရေးကြီးကြောင်း၊ ရခိုင်ပြည်နယ်သည် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် မြန်မာနိုင်ငံ one to ten စာရင်းမှာ ဒုတိယနေရာအထိကို တက်လှမ်းနိုင်ခဲ့ပြီး အောင်မြင်သူ (၅၂၅၃) ဦးတွင် ဂုဏ်ထူးရ ကျောင်းသား၊ ကျောင်းသူ (၁၃၀၃) ဦးကို ထူးချွန်ပြောင်မြောက်စွာ မွေးထုတ်ပေးခဲ့ပြီးဖြစ်ကြောင်း၊ ယခုနှစ်တွင်လည်း အောင်ချက်ရာနှုန်း ကောင်းမွန်ရေးနှင့် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် အလေးထားဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် ကြီးကြပ်ရေးမှူးများအနေဖြင့် မိမိတို့ ယခင်တာဝန်ထမ်းဆောင်ခဲ့ဖူးသည့် အတွေ့အကြုံတာဝန်ဝတ္တရားများနှင့်အတူ မသမာမှုကင်းရှင်းစွာ ကျင်းပစစ်ဆေးနိုင်ရေးနှင့် အောင်အောင်မြင်မြင် ပြီးစီးနိုင်ရေးကို အထူးအလေးထားဆောင်ရွက်ကြရန် ပြောကြားသည်။

ဆက်လက်၍ ပြည်နယ်ပညာရေးမှူး ဒေါက်တာထွန်းထွန်းသိန်းက တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုနိုင်ရေးအတွက် ဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ကြီးကြပ်ရေးမှူးများ၊ လက်ထောက်ကြီးကြပ်ရေးမှူးများနှင့် အခန်းစောင့် ဆရာ၊ ဆရာမများအတွက် ချီးမြှင့်ငွေများကို ပေးအပ်ပြီး တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးစကား ပြောကြားခဲ့ကြောင်း သိရသည်။

တင်ထွန်း (ပြန်/ဆက်)