တန့်ယန်း မတ် ၇
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၏ အမိန့်ကြော်ငြာစာအမှတ် (၁/၂၀၂၅)ဖြင့် ချီးမြှင့်ဆက်ကပ်ခြင်းခံရသော သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်ရ မဟာသဒ္ဓမ္မဇောတိကဓဇ ဆရာတော်ကြီးတစ်ပါးနှင့် သဒ္ဓမ္မဇောတိကဓဇဆရာတော် တစ်ပါးတို့အား ကြိုဆိုပင့်ဆောင်နိုင်ရန်အတွက် ကြိုတင်ညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီက မဟာမြတ်မုနိဘုရားကြီးကျောင်းတိုက်၌ ကျင်းပခဲ့သည်။
အခမ်းအနားကို နမောတဿသုံးကြိမ် ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ပြီး မြို့နယ်သံဃာ့နာယကအဖွဲ့ဥက္ကဋ္ဌ မဟာမြတ်မုနိဘုရားကြီးကျောင်းတိုက် ဦးစီးပဓာနနာယကဆရာတော် မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တကောလိယထံမှ ဩဝါဒကထာ နာယူခဲ့ကြသည်။
ယင်းနောက် ခရိုင်နှင့် မြို့နယ်တို့မှ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ ရပ်ကွက်တို့မှ အုပ်ချုပ်ရေးမှူးများ၊ တပည့်ဒါယကာများ၊ ဂေါပကအဖွဲ့မှ တာဝန်ရှိသူများက ကြိုဆိုပင့်ဆောင်ရေးနှင့် ဂုဏ်ပြုပူဇော်ပွဲ ကျင်းပရေးလုပ်ငန်းများ ဝိုင်းဝန်းအကြံပြု ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
မင်းလွင်ဦး(တန့်ယန်း)