ကျိုက်ထို မတ် ၇
မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်လုံးဆိုင်ရာ မွန်၊ ကရင်၊ ပအို့ဝ်၊ ဗမာတိုင်းရင်းသားလူမျိုးများ စာပေယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့မှ မြန်မာ့ရိုးရာယဉ်ကျေးမှု သနပ်ခါးအလှလိမ်းခြယ်ပြိုင်ပွဲကို ယမန်နေ့ နေ့လယ် ၁၂ နာရီခွဲတွင် ဆိပ္ဖူးတောင်ပရဟိတ လူငယ်ဖွံ့ဖြိုးရေးသင်တန်းကျောင်း (ထူးခန်းမ) ၌ ကျင်းပခဲ့သည်။
ဦးစွာ ဆိပ္ဖူးတောင်ပရဟိတလူငယ်ဖွံ့ရေးကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက ကရင်ဒုံးယိမ်းအကဖြင့် အခမ်းအနားကိုဖွင့်လှစ်ပေးပြီး ကျိုက်ထိုခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံစောလှိုင်က သနပ်ခါးလိမ်းခြယ်ပွဲပြုလုပ်သည့်ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။
ယင်းနောက် ပြိုင်ပွဲကျင်းပရေးကော်မတီအတွင်းရေးမှူး မြို့နယ်ပညာရေးမှူး ဦးမောင်ညိုက ပြိုင်ပွဲနှင့်ပတ်သက်၍ အမှတ်ပေးစည်းမျဉ်းများကို ရှင်းလင်းပြောကြား၍ မွန်၊ ကရင်၊ ပအို့ဝ်၊ ထားဝယ်၊ ကယန်းတိုင်းရင်းသားအဖွဲ့များမှ သနပ်ခါးလိမ်းခြယ်ပွဲကို ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသော တိုင်းရင်းသားအဖွဲ့များအား ကျိုက်ထိုခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံစောလှိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင့်လွင်တို့က ဆုများအသီးသီးချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။
ဝင်းမောင်(ကျိုက်ထို)