သင်္ဃန်းကျွန်းခရိုင်၌ ခရိုင်အဆင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂/၂၀၂၅) ကျင်းပ

သင်္ဃန်းကျွန်း မတ် ၇

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်၊ သင်္ဃန်းကျွန်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး၌ ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က ခရိုင်အဆင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပခဲ့ကြောင်း သိရသည်။

ဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထူးလွင်က ယာယီနေရပ်စွန့်ခွာသူများအား ထောက်ပံ့ငွေများ စနစ်တကျပေးအပ်လှူဒါန်းနိုင်ရေး၊ ရှင်အပါး ၅၀၀၀ အောင်မြင်စွာကျင်းပနိုင်ရေး ဌာနဆိုင်ရာများပူးပေါင်ဆောင်ရွက်ကြရန်၊ စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေနှင့်ပတ်သက်၍ ရှင်းလင်းချပြခဲ့ပြီး စီမံကိန်းလုပ်ငန်းများနှင့်ပတ်သက်၍ သက်ဆိုင်ရာ ဘဏ္ဍာရေးနှစ်အတွင်း ပြီးစီးစေရေး တာဝန်ရှိသူအဆင့်ဆင့်မှ တွန်းအားပေးကြပ်မတ် ဆောင်ရွက်ပေးကြရန်၊ မီးဘေးဆိုင်ရာကိစ္စရပ်များအထူးဂရုပြု ဆောင်ရွက်ကြရန်၊ နွေရာသီသို့ ရောက်ရှိလာပြီဖြစ်သဖြင့် ရေပြတ်လပ်၊ ရှားပါးမှုများ ဖြစ်လာနိုင်သဖြင့်ဌာနဆိုင်ရာများ ပေါင်းစပ်ဆောင်ရွက်ရန်၊ စာမေးပွဲဖြေဆိုမည့်သူများ အေးချမ်းသာစွာဖြေဆိုနိုင်ရန် မြို့နယ်များအတွင်း ယာဥ်ကြောပိတ်စို့မှုများမဖြစ်ပေါ်စေရေး အလေးထားဆောင်ရွက်ကြရန် စသည်ဖြင့်ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာသည့် ခရိုင်အဆင့်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များက မိမိဆောင်ရွက်နေသည့်လုပ်ငန်းများ နှင့်ပတ်သက်၍ တင်ပြဆွေးနွေးခဲ့ရာဥက္ကဋ္ဌ ဦးထူးလွင်က လိုအပ်သည်များကိုပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သိန်းအောင်