ဗိုလ်တထောင်မြို့နယ်ဘိုကလေးဈေးနှင့်ချမ်းမြေ့စျေးအတွင်း မသန့်ရှင်းသောရေနှင့် အစားအသောက်များမှတစ်ဆင့် ကူးစက်တတ်သောရောဂါများကြိုတင်ကာကွယ်ရေးလုပ်ငန်းအတွက် လိုက်လံစစ်ဆေးအသိပညာပေးဟောပြော

ဗိုလ်တထောင် မတ် ၇

ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ်အတွင်းရှိ ပြည်သူများမသန့်ရှင်းသောရေနှင့်အစားအသောက်များမှတစ်ဆင့် ကူးစက်တတ်သောရောဂါများကြိုတင်ကာကွယ်ရေးအတွက် ဘိုကလေးစျေးနှင့်ချမ်းမြေ့စျေးတို့တွင် လိုက်လံစစ်ဆေးအသိပညာပေးဟောပြောခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို မတ်လ ၅ ရက်နေ့နံနက် ၉ နာရီခွဲအချိန်က ဘိုကလေးစျေး၌လည်းကောင်း၊ ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က ချမ်းမြေ့စျေး၌လည်းကောင်း ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် အသိပညာပေးဟောပြောခြင်းများပြုလုပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မြို့နယ်အုပ်ချုပ်ရေးမှူးဦးစိုးလှိုင်မောင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဟေမာဇော်ကအသည်းရောင်အသားဝါ(အေ)ရောဂါနှင့်ပတ်သက်သည့် ရောဂါကူးစက်သည့်နည်းလမ်းများ၊ ရောဂါလက္ခဏာများနှင့် ကာကွယ်နိုင်မည့်နည်းလမ်းများအား အသိပညာပေးဟောပြောခဲ့သည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလှိုင်မောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁)ဗိုလ်မှူးကျော်စည်သူ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၂)ဦးအောင်မိုးကျော်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဟေမာဇော်နှင့်ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးဦးအောင်ကျော်လွင်၊ စျေးတာဝန်ခံများနှင့်တာဝန်ရှိသူများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မြို့နယ်မိခင်နှင့်ကလေးစောင့်ရောက်ရေးအသင်းဥက္ကဋ္ဌဒေါ်ခင်ညွန့်နှင့်အဖွဲ့ဝင်များသည် စျေးအတွင်းရှိအစားအသောက်ရောင်းချသည့်ဆိုင်များ၊ အသား၊ ငါးဆိုင်များနှင့်ဟင်းသီဟင်းရွက်ရောင်းချသည့်ဆိုင်များအား ကျန်းမာရေးနှင့်ညီညွတ်စွာရောင်းချခြင်းရှိမရှိ လိုက်လံစစ်ဆေးပြီး အစားအသောက်များအား သန့်ရှင်းစွာရောင်းချရန်၊ သန့်ရှင်းသောရေအသုံးပြုရန်၊ ယင်နားမှုမရှိစေရေးအဖုံးအအုပ်များဖြင့် ဖုံးအုပ်ရောင်းချကြရန်၊ ဈေးသည်နှင့်ဈေးဝယ်များအား အသည်းရောင်အသားဝါ(အေ)ရောဂါ အသိပညာပေးလက်ကမ်းစာစောင်များဖြင့် ဝေပေးခဲ့ကြောင်းသတင်းရရှိပါသည်။

ခင်ဝင်း