ပုဇွန်တောင် မတ် ၇
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့မှ ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေထပ်ဆင့်ရှင်းလင်းခြင်းအခမ်းအနားကို အမှတ် (၃) ရပ်ကွက်ရှိ သဟသုတကာရီဓမ္မာရုံ၌ ယမန်နေ့နံနက် ၁ဝ နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပုဇွန်တောင်မြို့နယ် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မိုးအောင်က အဖွင့်အမှာစကားပြောကြားပြီး ပြည်သူ့စစ်မှုထမ်းဥပဒေပြဌာန်းရခြင်း အကြောင်းအရင်း၊ ရည်ရွယ်ချက်၊ အဆင့်ဆင့်လုပ်ဆောင်ရသည့် လုပ်ငန်းစဉ်နှင့် ရွှေ့ဆိုင်းခွင့်ရှိသည့်ပုဂ္ဂိုလ်များ၊ ကင်းလွတ်ခွင့်ရှိသည့် ပုဂ္ဂိုလ်များ၊ အကျယ်တဝင့် ရှင်းလင်းပြောကြားပြီးနောက် မြို့နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ အဖွဲ့၀င် ရဲမှူးမင်းဟန်က နိုင်ငံတော်ကာကွယ်ရေးတာ၀န်များ၊ တာ၀န်ဖြစ်သည့် စစ်မှုထမ်းရမည့် အသက်အရွယ်ရောက်ရှိသူများ၊ စစ်မှုထမ်းရန်ကာလ၊ စစ်မှုထမ်းခြင်းမှကင်းလွတ်ခွင့်၊ ရွှေ့ဆိုင်းခွင့်နှင့် လျှော့ပေါ့ခွင့်ရရှိသူများကိုလည်းကောင်း၊ မြို့နယ်ဥပဒေအရာရှိ ဒေါ်မေဖြိုးခိုင်က ပြည်သူ့စစ်မှုထမ်း သူများ၏ ခံစားခွင့်များကိုလည်းကောင်း၊ စစ်မှုထမ်းရန်ဆင့်ခေါ်ချိန် ရှောင်လွှဲရန် အားပေးကူညီသူ၊ ပျက်ကွက်သူများ ကျခံရမည့် ပြစ်မှုပြစ်ဒဏ်များအကြောင်းကိုလည်းကောင်း၊ စစ်မှုထမ်းခြင်းမှ ကင်းလွတ်ခွင့်ရရန် ဥပဒေ၊ နည်းဥပဒေနှင့်အညီ လျှောက်ထားပုံနည်းလမ်းများကိုလည်းကောင်း စသည်ဖြင့် အကျယ်တဝင့်ရှင်းလင်းဆွေးနွေးပေးခဲ့ကြကြောင်း သိရသည်။
ဆက်လက်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့၀င်(၁) ဗိုလ်မှူးအောင်ကျော်လွင်က ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးအဖွဲ့ ဖွဲ့စည်းထားရှိခြင်း၊ လက်ရှိပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး စစ်မှုထမ်း လုပ်ဆောင်နေမှုအခြေအနေများ၊ ပုံစံ(၁)မှပုံစံ(၁၂)အထိ ချပြရှင်းလင်းခြင်းနှင့် စစ်မှုထမ်းရန် ဆင့်ခေါ်ရာတွင် ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ ဆောင်ရွက်ရမည့်လုပ်ငန်းတာ၀န်များကိုလည်းကောင်း၊ မြို့နယ် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးအောင်ထွန်းမြင့်က ပန်းခင်းအဆင့် (၃)ဖြင့် အိမ်ထောင်စုဇယားနှင့် မှတ်ပုံတင်များ ဆောင်ရွက်ပေးနေမှုအခြေအနေကိုလည်းကောင်း အသိပညာပေး ရှင်းလင်းဆွေးနွေးခဲ့သည်။ ထို့နောက် ပုဇွန်တောင်မြို့နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မိုးအောင်က ပြည်သူ့စစ်မှုထမ်းရန် ဆင့်ခေါ်ရာတွင် ဥပဒေနှင့်အညီ လုပ်ဆောင်ကြရန်နှင့် ပြည်သူများအနေဖြင့် နိုင်ငံတော်ကာကွယ်ရေးဝာာ၀န်ကို တစ်ဖက်တစ်လမ်းမှ ပူးပေါင်းပါ၀င် ဆောင်ရွက်ပေးစေလိုကြောင်း ဖြည့်စွက်မှာကြားခဲ့သည်။ ဆွေးနွေးပွဲ တက်ရောက်သူများ သိရှိလေ့လာနိုင်စေရန်အတွက် တိုင်းဒေသကြီးအစိုးရမှ ထုတ်ဝေသည့် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ လက်ကမ်းစာစောင်များနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (ရုံးချုပ်) မှ ထုတ်ဝေသည့် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာသိကောင်းစရာ "သတင်းစကား" လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
ဟန်စုယဉ်