ဟိုပုံးမြို့နယ် နွေရာသီအခြေခံအားကစားသင်တန်းသို့ ဖွားကောင်းစံစားသောက်ဆိုင်မိသားစုမှ အားကစားပစ္စည်းများ ချီးမြှင့်ပေးအပ်

ဟိုပုံး မတ် ၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်တွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒေသနှင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ နွေရာသီကျောင်းပိတ်ရက်အတွင်း ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များအနေဖြင့် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ ကျန်းမာပျော်ရွှင်ကာ အားကစားကဏ္ဍဖွံ့ဖြိုးပြီး နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ နွေရာသီအခြေခံအားကစားနည်း (၇)မျိုး သင်ကြားပေးလျက်ရှိသည့် သင်တန်းသို့ မတ်လ (၆) ရက်နေ့က ဖွားကောင်းစံစားသောက်ဆိုင်မိသားစုမှ အားကစားပစ္စည်းများ ချီးမြှင့်ပေးအပ်ခဲ့သည်။

ထိုသို့ချီးမြှင့်ပေးအပ်ရာတွင် ဟိုပုံးမြို့နယ်ဘော်လုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဝင်းမင်းထွန်း(ဖွားကောင်းစံစားသောက်ဆိုင်)မိသားစုမှ တန်ဖိုးငွေကျပ် ၇၅၀၀၀၀ တန်ဖိုးရှိ ဘော်လုံး ၃၀ လုံးနှင့် အားကစားဆက်စပ်ပစ္စည်းများအား ပေးအပ်ရာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးနေမျိုးလှိုင်နှင့် တာဝန်ရှိသူများက လက်ခံရယူခဲ့သည်။

အဆိုပါ နွေရာသီအခြေခံအားကစားသင်တန်းအား မတ်လ (၁)ရက်နေ့မှ မတ်လ (၂၀)ရက်နေ့အထိ နေ့စဉ် နံနက် (၇) နာရီမှ (၉)နာရီအထိ ဖွင့်လှစ်သင်ကြားပေးလျက်ရှိပြီး မြို့မအားကစားကွင်းတွင် ဘော်လုံး၊ ပိုက်ကျော်ခြင်းအားလည်းကောင်း၊ ကျောက်တိုင်ကွင်းတွင် ဘော်လီဘောအားလည်းကောင်း၊ သာသနာ့ဗိမာန်တွင် စားပွဲတင်တင်းနစ်အားလည်းကောင်း၊ ပေါင်လင်းစက်မှုစိုက်ပျိုးမွေးမြူရေးအထက်တန်းကျောင်းတွင် မြန်မာ့သိုင်း၊ ခရစ်ကတ်အားလည်းကောင်း၊ ထူးမြတ်အိမ်ကိုယ်ပိုင်အထက်တန်းကျောင်းတွင် တိုက်ကွမ်ဒိုအားကစားနည်းအားလည်းကောင်း သက်ဆိုင်ရာနည်းပြဆရာများဖြင့် စနစ်တကျလေ့ကျင့်သင်ကြားပေးလျက်ရှိကြောင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အားကစားနှင့်ကာယပညာဦးစီးဌာနမှ သိရသည်။

ပအိုဝ်းဒေသ(ပြန်/ဆက်)