ဒဂုံအရှေ့ မတ် ၆
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် ဒဂုံတက္ကသိုလ်၌ ဒဂုံတက္ကသိုလ်အနုပညာအသင်းမှကြီးမှူးသော အဆို၊ အက၊ အတီး(အခြေခံ)သင်တန်းဆင်းပွဲအခမ်းအနားကို အဆိုပါတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့သည်။
ရှေးဦးစွာ ဒဂုံတက္ကသိုလ်ပါမောက္ခချုပ်ဒေါက်တာဝင်းဝင်းသန်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဒဂုံတက္ကသိုလ်အနုပညာအသင်းဥက္ကဋ္ဌ၊ မြန်မာစာဌာနပါမောက္ခ/ဌာနမှူးဒေါက်တာနွယ်နွယ်အေးက ကျေးဇူးတင်စကားပြောကြားခဲ့သည်။
ထို့နောက် ဒဂုံတက္ကသိုလ်ပါမောက္ခချုပ်နှင့် ဒုတိယပါမောက္ခချုပ်များက အဆို၊ အက၊ အတီး(အခြေခံ)သင်တန်း၌ သင်ကြားပေးသော ဆရာ၊ ဆရာမများအား ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ခဲ့ပြီး အဆို၊ အက၊ အတီး(အခြေခံ)သင်တန်းသားများအား သင်တန်းဆင်းလက်မှတ်များနှင့် (၂၅)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင်ဆုရရှိသူများ၊ ပညာရေးဆိုင်ရာအသုံးချသုတေသနနိုင်ငံတကာညီလာခံ(၂၀၂၅)တွင် ပါဝင်ဖျော်ဖြေခဲ့ကြသည့် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ခဲ့သည်။
ယင်းနောက် အလှူရှင်များက ဒဂုံတက္ကသိုလ်အနုပညာအသင်းအတွက် တူရိယာပစ္စည်းများနှင့် အလှူငွေများပေးအပ်လှူဒါန်းခဲ့ရာ ဒဂုံတက္ကသိုလ်မှ ဂုဏ်ပြုမှတ်တမ်းလွှာများပြန်လည်ပေးအပ်ခဲ့သည်။
အဆိုပါအခမ်းအနားသို့ ဒဂုံတက္ကသိုလ်ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ဘာသာရပ်အသီးသီးမှ ပါမောက္ခ/ဌာနမှူးများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဇွဲမင်းထက်(ပြန်/ဆက်)