ငါန်းဇွန်မြို့နယ်၌ ပိုလီယိုရောဂါကာကွယ်ဆေး (အစက်ချဆေး) အရှိန်အဟုန်မြှင့်တိုက်ကျွေးခြင်း အစီအစဉ်ဆောင်ရွက်

ငါန်းဇွန် မတ် ၆

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ် ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၉ နာရီ မှ မွန်းလွဲ ၁ နာရီအချိန်ထိ ပိုလီယိုရောဂါကာကွယ်ဆေး(အစက်ချဆေး) အရှိန်အဟုန်မြှင့်တိုက်ကျွေးခြင်းအစီအစဉ်ကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာစိုးမိုးအောင်၏ ဦးဆောင်မှုဖြင့် ပြည်သူ့ကျန်းမာရေးဝန်ထမ်းများနှင့်အတူ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပိုလီယိုရောဂါကာကွယ်ဆေး တိုက်ကျွေးခြင်းအစီအစဉ်ကို ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနအစီအစဉ်ဖြင့် အရှိန် အဟုန်မြှင့်ဆောင်ရွက်ခြင်းဖြစ်ပြီး ပိုလီယို (အရိုင်းပိုး) ကင်းစင်ပပျောက်ခြင်းအား ဆက်လက်ထိန်းသိမ်းထားရှိနိုင်ရေးအတွက် ရွှေ့ပြောင်းလူဦးရေများပြားသည့် တိုင်းဒေသကြီး (၄) ခုရှိ အသက် (၂) လမှ (၅၉) လအရွယ် ကလေးများအားလုံးကို ပိုလီယိုရောဂါကာကွယ်ဆေး (အစက်ချဆေး) နှစ်ကြိမ်တိုက်ကျွေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပိုလီယိုရောဂါကာကွယ်ဆေး (အစက်ချဆေး) တိုက်ကျွေးနေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးမျိုးမင်းသိန်းနှင့် အဖွဲ့ဝင်များက လာရောက်ကြည့်ရှုအားပေးကြပြီး မြို့နယ်အတွင်းရှိ အသက် (၂) လမှ အသက် (၅၉) လအရွယ် ကလေးငယ် (၄၁၉) ဦးတို့အား တိုက်ကျွေးပြီးစီးခဲ့ကြောင်း သိရသည်။

သက်နောင်ဦး(ငါန်းဇွန်)