ပေါင် မတ် ၆
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ မဲစာရင်းမှန်ကန်ရေးနှင့် မြေပြင်လူဦးရေစီစစ်အတည်ပြုနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဝါရီရူခန်းမ၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦထင်လင်းအောင်က ပေါင်မြို့နယ်အတွက် မှန်ကန်တဲ့ လူဦးရေစာရင်း ရရှိရေးအတွက် ရပ်ကွက်/ကျေးရွာစာရင်းများ၊ မြို့နယ်ကော်မရှင်၊ လဝကတို့နှင့် ပေါင်းစပ်ပြီး စာရင်းမှန်ကန်တိကျရေးကို အလေးထားဆောင်ရွက်ပေးကြပါရန် ဌာနဆိုင်ရာများအနေဖြင့်လည်း မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရာတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြပါရန် ပြောကြားခဲ့သည်။
ဆက်လက်၍ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးသန်းဝင်းဇော်က ပေါင်မြို့နယ်အနေဖြင့် သန်းခေါင်စာရင်းကောက်ယူမှုစာရင်းအရ (၁၈၃၈၇၂) ဦး ရှိပြီး၊ ပဉ္စမမူကြမ်း စာရင်းအရ (၁၉၇၈၂၂) ဦး၊ မြေပြင်ကွင်းဆင်းစာရင်းအရ (၂၈၃၅၀၁) ရှိခဲ့ပါကြောင်း ယခုစာရင်းမှန်ကန်မှုရှိစေရန်အသက် သုညနှစ်မှစ၍ မြေပြင်ရှိစာရင်းများကို စတင်ကောက်ယူသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
မြို့နယ်ကော်မရှင်ရုံးမှ ဦးစီးအရာရှိ ဒေါ်ဂျူးနီတာဇော်ကလည်း အသက် (၁၈) နှစ်နှင့်အထက် စာရင်းများကို တိကျမှန်ကန်စွာ ကောက်ယူပြီးစာရင်းပြုစုသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထင်လင်းအောင်က လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးခဲ့သည်။ အဆိုပါလုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ဌာနဆိုင်ရာများ၊ ကြက်ခြေနီအသင်းအဖွဲ့ဝင်များနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မွန်မလေး (ပြန်/ဆက်)