ပေါင် မတ် ၆
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ မဲစာရင်းမှန်ကန်ရေးနှင့်မြေပြင်လူဦးရေစိစစ်အတည်ပြုနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဝါရီရူခန်းမ၌ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထင်လင်းအောင်က ပေါင်မြို့နယ်အတွက် မှန်ကန်တဲ့လူဦးရေစာရင်းရရှိရေးအတွက် ရပ်ကွက်/ကျေးရွာစာရင်းများ၊ မြို့နယ်ကော်မရှင်၊ လဝကတို့နှင့်ပေါင်းစပ်ပြီး စာရင်းမှန်ကန်တိကျရေးကို အလေးထားဆောင်ရွက်ပေးကြပါရန်၊ ဌာနဆိုင်ရာများအနေဖြင့်လည်း မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရာတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြပါရန် ပြောကြားခဲ့သည်။
ဆက်လက်၍ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးဦးသန်းဝင်းဇော်က ပေါင်မြို့နယ်အနေဖြင့် သန်းခေါင်စာရင်းကောက်ယူမှုစာရင်းအရ (၁၈၃၈၇၂)ဦးရှိပြီး ပဉ္စမမူကြမ်းစာရင်းအရ (၁၉၇၈၂၂)ဦး၊ မြေပြင်ကွင်းဆင်းစာရင်းအရ(၂၈၃၅၀၁)ရှိခဲ့ပါကြောင်း ယခုစာရင်းမှန်ကန်မှုရှိစေရန်အသက်သုညနှစ်မှစ၍ မြေပြင်ရှိစာရင်းများကို စတင်ကောက်ယူသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
မြို့နယ်ကော်မရှင်ရုံးမှ ဦးစီးအရာရှိဒေါ်ဂျူးနီတာဇော်ကလည်း အသက်(၁၈)နှစ်နှင့်အထက် စာရင်းများကို တိကျမှန်ကန်စွာ ကောက်ယူပြီးစာရင်းပြုစုသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးထင်လင်းအောင်က လိုအပ်သည်များဖြည့်စွက်ဆွေးနွေးခဲ့သည်။ အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ဌာနဆိုင်ရာများ၊ ကြက်ခြေနီအသင်းအဖွဲ့ဝင်များနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မွန်မလေး (ပြန်/ဆက်)