ပျော်ဘွယ် မတ် ၆
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ်တွင် အဓိကသီးနှံဖြစ်သည့် ဝါသီးနှံကို စိုက်ပျိုးလျက်ရှိရာ ဝါသီနှံပန်းတိုင်အထွက်နှုန်းရရှိရေး၊ ထွက်ရှိလာသည့် ဝါသီးနှံများအပေါ် အဆင့်ခွဲခြားသတ်မှတ်ဝယ်ယူနိုင်ရေး အသိပညာပေးဆွေးနွေးပွဲကို မတ်လ (၆) ရက်၊ နံနက် (၁၀) နာရီက ချောင်းမကြီး ဝါသီးနှံမျိုးသန့်ခြံတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ စိုက်ပျိုးရေးဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး ဦးစီးမှူး ဦးဝင်းထိန်က တောင်သူများအနေဖြင့် မျိုးကောင်းမျိုးသန့်များသုံးစွဲနိုင်ရေး၊ တစ်ဧကပန်းတိုင်အထွက်နှုန်း ပိဿာ (၇၀၀) ရရှိရေး၊ ဝါသီးနှံစိုက်ပျိုးရာတွင် ဆောင်ရန်၊ ရှောင်ရန်များကို ရှင်းလင်းဆွေးနွေးပြီး ဝါသီးနှံမျိုးသန့်ခြံတာဝန်ခံ ဦးထိန်လင်းက ပန်းတိုင်အထွက်နှုန်းရရှိရေး၊ အဆင့်ခွဲခြားသတ်မှတ်ဝယ်ယူနိုင်ရေးတို့ကို ရှင်းလင်းဆွေးနွေးသည်။
ထို့နောက် ဝါသီးနှံစိုက်ပျိုးသည့် တောင်သူများက ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် ဆောင်ရွက်ရမည့် နည်းလမ်းများ၊ ဝါသီးနှံ အဆင့်ခွဲခြားသတ်မှတ်ရမည့် အခြေအနေများနှင့်ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ သက်ဆိုင်ရာတာဝန် ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးကြသည်။
အဆိုပါအခမ်းအနားသို့ စိုက်ပျိုးရေးဦးစီးဌာန ရမည်းသင်းခရိုင် ဦးစီးမှူး ဦးအောင်မျိုးဝေနှင့် ဝန်ထမ်းများ၊ ပျော်ဘွယ်မြို့နယ် ဦးစီးမှူး ဦးမျိုးညိမ်းဇော်နှင့် တာဝန်ရှိသူများ၊ ရမည်းသင်းမြို့နယ်နှင့် ပျော်ဘွယ်မြို့နယ်အတွင်ရှိ ဝါသီးနှံစိုက်ပျိုးသည့် တောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မင်းမင်းထွေး(ပျော်ဘွယ်)