တွံတေး မတ် ၆
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ် မြို့မစည်ပင်သာယာစျေးတွင် ပြည်သူများ မသန့်ရှင်းသောရေနှင့် အစားအသောက်များမှတစ်ဆင့် ကူးစက်တတ်သောရောဂါများ ကြိုတင်ကာကွယ်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့မှ မြို့မစည်ပင်သာယာဈေးတွင် လိုက်လံစစ်ဆေးအသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ယင်းသို့ဆောင်ရွက်ရာ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်၏ လမ်းညွှန်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမျိုးဇော်လှနှင့် ဝန်ထမ်းများ၊ မြို့နယ်မိခင်ကလေးနှင့် အမျိုးသမီးရေးရာဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ အဖွဲ့ဝင်များ ဈေးတာဝန်ခံများနှင့် တာဝန်ရှိသူများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များသည် တွံတေးမြို့ မြို့မစည်ပင်သာယာဈေးရှိ အစားအသောက်ရောင်းချသည့် ဆိုင်များ၊ သားငါးနှင့် ဟင်းသီးဟင်းရွက်ရောင်းချသည့် စျေးဆိုင်များအား ကျန်းမာရေးနှင့်ညီညွတ်စွာ ရောင်းချခြင်း ရှိ/မရှိ လိုက်လံစစ်ဆေးပြီး အစားအသောက်များ သန့်ရှင်းသပ်ရပ်စွာ ရောင်းချရန်၊ သန့်ရှင်းသောရေ အသုံးပြုရန်၊ ယင်နားမှုမရှိစေရေး အဖုံးအကာများထားရန်နှင့် ဈေးသည်နှင့် ဈေးဝယ်များအား အသည်းရောင်အသားဝါ (အေ) ရောဂါနှင့် ပတ်သက်၍ အသိပညာပေးဆွေးနွေးခဲ့ကြပြီး အသည်းရောင်အသားဝါ (အေ) ရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြကြောင်း သိရှိရသည်။
တွံတေးသား