နေပြည်တော် မတ် ၆
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ လယ်ဝေးမြို့၊ ပေါက်မြိုင်ကျောင်းတိုက် ပဓာနနာယက သက်တော်ရှည်ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တဇနိန္ဒ၏ သက်တော် (၉၃) နှစ်ပြည့် ဝိဇာတမွေးနေ့မင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါ ပေါက်မြိုင်ကျောင်းတိုက်၌ ကျင်းပခဲ့သည်။
အခမ်းအနားသို့ လယ်ဝေးမြို့၊ ပေါက်မြိုင်ကျောင်းတိုက် ပဓာနနာယက သက်တော်ရှည်ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တဇနိန္ဒနှင့် ဆရာတော် သံဃာတော်များ ကြွရောက်ချီးမြှင့်တော်မူကြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့်ဇနီး၊ နေပြည်တော်ကောင်စီဝင်များနှင့်ဇနီးများ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ကော်မတီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အလှူရှင်များ၊ ဆရာတော်ဘုရားကြီးများ၏ တပည့်၊ ဒါယကာ၊ ဒါယိကာမများ၊ ဒေသခံပြည်သူများ တက်ရောက်ကြည်ညိုခဲ့ကြသည်။
ဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် တက်ရောက်လာကြသည့် ဧည့်ပရိတ်သတ်များက ပေါက်မြိုင်ကျောင်းတိုက် ပဓာနနာယက သက်တော်ရှည်ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တဇနိန္ဒထံမှ ငါးပါးသီလ ခံယူဆောက်တည်ခဲ့ကြသည်။
ယင်းနောက် နိုင်ငံတော်ရွှေတံဆိပ် (၁၁) ဆုရ တေးသံရှင် ဝိုင်းလမင်းအောင်က အရှင်ဝရုဏာလင်္ကာရဘိဝံသ(အမရပူရ-မဟာဂန္ဓာရုံ)ရေးသားပူဇော်သည့် မဟာဂုဏပူဇာပတ္ထနာတေးထပ်ဖြင့် သီဆိုပူဇော်ခဲ့ကြသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် ဇနီး၊ နေပြည်တော်ကောင်စီဝင်များနှင့် ဇနီးများ၊ အလှူရှင်များက ပေါက်မြိုင်ကျောင်းတိုက် ပဓာနနာယက သက်တော်ရှည်ဆရာတော် အဘိဓဇမဟာ ရဋ္ဌဂုရု ဘဒ္ဒန္တဇနိန္ဒထံ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
ယင်းနောက် ပေါက်မြိုင်ကျောင်းတိုက် ပဓာနနာယက သက်တော်ရှည်ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တဇနိန္ဒအားထံမှ ဧည့်ပရိတ်သတ်များက အနုမောဒနာတရားနာယူကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကြကာ ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ၂၀၂၅ ခုနှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲတံဆိပ်တော်များ ဆက်ကပ်အပူဇော်ခံတော်မူကြမည့် ဘွဲ့ခံဆရာတော်၊ သံဃာတော်များနှင့် ဘွဲခံသီလရှင်ဆရာကြီးများအား နေပြည်တာ်၊ မာရဝိဇယဗုဒ္ဓဥယျာဉ်တော်ပရိဝုဏ်အတွင်း၌ ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လောင်းလှူမည့် မဏ္ဍပ်များ တည်ဆောက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။
ထွန်းထွန်းဝင်း(ပြန်/ဆက်)