ပင်လုံမြို့ ကမ္မဋ္ဌာန်းတိုက်တွင် ကျင်းပနေသာ (၅၉) ကြိမ်မြောက် မဟာသတိပဋ္ဌာန် ဓမ္မသဘင်ညီလာခံ အောင်မြင်စွာပြီးစီး

ပင်လုံ မတ် ၆

ရှမ်းပြည်နယ်၊ မူလမင်းကွန်းဇေတဝန်သာသနာ့မာရ်အောင် ကမ္မဋ္ဌာန်းတိုက်များ၏ (၅၉) ကြိမ်မြောက် မဟာသတိပဋ္ဌာန် ဓမ္မသဘင်ညီလာခံ နှစ်ပတ်လည်အစည်းအဝေးနှင့် ပင်လုံမြို့၊ ပန်မုန့် ကမ္မဋ္ဌာန်းတိုက်၏ ရွှေရတုအထိမ်းအမှတ်ပွဲတော်ကို ယနေ့ညနေပိုင်းတွင် အောင်မြင်စွာကျင်းပ ပြီးစီးခဲ့ကြောင်း သိရသည်။

အခမ်းအနားကို ရွှေရတုကျောင်းဆောင်အောက်ထပ်တွင် ကျင်းပရာ ဆရာတော်သံဃာတော်များ ကြွရောက်ပြီးနောက် ဦးစွာ နမောတဿသုံးကြိမ်ရွတ်ဆိုပြီး အခမ်းအနားဖွင့်လှစ်ပါသည်။ ယင်းနောက် ဓမ္မမိတ်ဆွေ ပရိသတ်များက ရတနာမြတ်သုံးပါးကိုကန်တော့၍  လွိုင်လင်မြို့ ဓာတ်တော်ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တ ဒေါက်တာပညာနန္ဒ ထံမှငါးပါးသီလ ခံယူဆောက်တည်ကြပြီး ဆရာတော်အရှင်သူမြတ်များအား လှူဖွယ်ပစ္စည်း ဆက်ကပ်လှူဒါန်းခြင်း၊ ဆရာတော်သံဃာတော်များထံမှ ပရိတ်တရားတော်များ နာယူကြသည်။ ဆက်လက်၍ အောက်ဖို့စ်ဆရာတော် ဒေါက်တာ ဓမ္မသာမိ ထံမှ အနုမောဒနာတရားနာယူပြီး ရေစက်သွန်းချ အမျှပေးဝေကြသည်။ ထို့နောက် (၅၉)ကြိမ်မြောက် မဟာသတိပဋ္ဌာန်တရားပွဲတော်ကြီး (ရငွေ သုံးငွေ လက်ကျန်) စာရင်းရှင်းတမ်းကို တာဝန်ရှိသူများက ဖတ်ကြားပြီး ပလဲတော်ဖြစ်မြောက်ရေးကော်မတီမှ ကျေးဇူးတင်စကားပြောကြားကြသည်။

ဆက်လက်၍ ဓမ္မမိတ်ဆွေ ပရိသတ်အပေါင်းက ဆရာတော်သံဃာတော်များအား ပြန်လည်ကန်တော့ကြပြီး ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်းကာ (၅၉)ကြိမ်မြောက် မဟာသတိပဋ္ဌာန် ညီလာခံနှင့် ပင်လုံကမ္မဋ္ဌာန်းတိုက်၏ နှစ် (၅၀) ပြည့် ရွှေရတုအထိမ်းအမှတ် တရားပွဲတော်ကြီး အောင်မြင်စွာပြီးမြောက် ကြောင်းကြေညာကာ အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။ အဆိုပါ တရားပွဲတော်ကြီးကို မတ်လ (၂) ရက်နေ့မှ ယနေ့ မတ်လ (၆) ရက်နေ့အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။

လွိုင်လင်မိုး