ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင် လေးမိုင်ကွေ့- နောင်ထလီ- ညိုမီး - နောင်ပနားဗွာ-လင်းကွင်း - ထီရီး(မွေးမြူရေးဇုန်) - ရွှေညောင်လမ်း မြေညှိခြင်းလုပ်ငန်းဆောင်ရွက်နေမှုများကို သွားရောက်ကြည့်ရှုစစ်ဆေး

တောင်ကြီး မတ် ၆

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်သည် ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင်၊ ပြည်နယ်၊ ခရိုင်မြို့နယ်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက် (၉)နာရီက လေးမိုင်ကွေ့-နောင်ထလီ-ညိုမီး-နောင်ပနားဗွာ-လင်းကွင်း-ထီရီး(မွေးမြူရေးဇုန်) ရွှေညောင်လမ်းယာဉ်ကြီးများ သွားလာရန်အဆင်ပြေစေရေးအတွက် လမ်းမြေညှိခြင်းလုပ်ငန်း၊ ကတ္တရာခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုများကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

လမ်းမြေညှိခြင်းလုပ်ငန်း၊ ကတ္တရာခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုများနှင့်ပတ်သက်၍ လမ်းကြီးကြပ်ရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးကျော်ကျော်ဝင်းက လေးမိုင်ကွေ့-နောင်ထလီ-ညိုမီး-နောင်ပနားဗွာ-လင်းကွင်း-ထီရီး(မွေးမြူရေးဇုန်)ရွှေညောင်လမ်း ၄ မိုင် ၃ ဖာလုံမှ ၆ မိုင် ၂ ဖာလုံအတွင်း ၁ မိုင် ၅.၄၇ ဖာလုံအား ယာဉ်ကြီးများသွားလာရာတွင် အဆင်ပြေစွာသွားလာနိုင်ရေးအတွက် အတက်အဆင်းများဖြေညှိခြင်းနှင့် ၂၄ ပေအကျယ် ကတ္တရာခင်းခြင်းလုပ်ငန်းဆောင်ရွက်မှုများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က မိုးရာသီအတွင်း လမ်းများပျက်စီးမှုမရှိစေရေးအတွက် လမ်းဘေးရေမြောင်းများ ကြိုတင်ဆောင်ရွက်ထားရှိရန်၊ လမ်းအကွေ့များတွင် သတ်မှတ် ချက်များနှင့်အညီ လမ်းသားတိမ်းစောင်းမှု ချိန်ညှိခြင်းများ ဆောင်ရွက်ရန်၊ သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ သတ်မှတ်အချိန်ကာလအတွင်း ပြီးစီးအောင် ဆောင်ရွက်သွားကြရန်၊ လမ်းကျူးခြင်းများ မဖြစ်စေရေးအတွက် လမ်းနယ်တိုင်များ စိုက်ထူဆောင်ရွက်ရန်နှင့် လမ်းတလျှောက် တွဲကားကြီးများ သွားလာမှုများအား ကြိုတင်စိစစ်ဆောင်ရွက်သွားကြရန် လမ်းညွှန်မှာကြားခဲ့ပြီး နမ့်ခုတ်-နောင်ဗုတ်-သာယာကုန်း-ထီဖောင်း-နောင်ထလီကျေးရွာချင်းဆက်လမ်းခင်းနေမှုနှင့် အသစ်ထပ်မံ ဖောက်လုပ်ရန် လျာထားသည့် မြေသားလမ်းအူကြောင်းအား သွားရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် တောင်ကြီးမြို့ အနောက်မြို့ပတ်လမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်း လမ်း၊ တံတား၊ ရေမြောင်းများပြုလုပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို သွားရောက်ကြည့်ရှုခဲ့သည်။

အဆိုပါလုပ်ငန်းဆောင်ရွက်နေမှုများနှင့်ပတ်သက်၍ ရှမ်းပြည်နယ်စည်ပင်သာယာရေးဌာနမှ ဒုတိယအင်ဂျင်နီယာမှူးကြီး ဦးညီညီသန့်က လမ်းဖြတ်တံတားများပြုလုပ်ခြင်း၊ မူလကတ္တရာလမ်းအကျယ် ၁၈ ပေမှ ၄၄ ပေ လမ်းသားတိုးချဲ့ခြင်း၊ ကွန်ကရစ်လမ်းခင်းခြင်း၊ လမ်းဘေးဝဲ/ယာ အုတ်စီရေမြောင်းပြုလုပ်ခြင်းလုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က လုပ်ငန်းများဆောင်ရွက်ရာတွင် အရည်အသွေးပြည့်မီစွာဆောင်ရွက်ရန်၊ သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ သတ်မှတ်အချိန်ကာလအတွင်း ပြီးစီးအောင် ဆောင်ရွက်သွားကြရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

စိုင်းထွန်း(ရှမ်းပြည်)