မြောက်ဥက္ကလာပ မတ် ၆
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌ တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အသေးစားစက်မှုလက်မှုထုတ်ကုန်ပစ္စည်းပြပွဲနှင့် ဈေးရောင်းပွဲအကြိုညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နေ့လယ် ၂ နာရီအချိန် အသေးစားစက်မှုလက်မှုဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
ဦးစွာ ရန်ကုန်တိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ညွန်ကြားရေးမှူး ဦးသက်နိုင်ဦးက ၂၀၂၅ ခုနှစ် မတ်လ ၂၇ ရက်နေ့တွင် ကျရောက်မည့် နှစ် ၈၀ မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အသေးစားစက်မှုလက်မှုထုတ်ကုန်ပစ္စည်းပြပွဲနှင့် ဈေးရောင်းပွဲ အောင်မြင်စွာကျင်းပနိုင်ရေးကော်မတီများအလိုက် ပူးပေါင်းဆောင်ရွက်ပေးစေလိုကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့်လည်း မိမိတို့ထုတ်ကုန်ပစ္စည်းများကို အရည်အသွေးမြှင့်တက်ကာ စနစ်တကျပြသပေးစေလိုကြောင်း၊ အသေးစားစက်မှုလက်မှုထုတ်ကုန်ပစ္စည်းပြပွဲတွင် စိတ်ပါ၀င်စားသော လုပ်ငန်းရှင်များ အနေဖြင်လည်း မိမိတို့အသေးစားစက်မှုလက်မှုဦးစီးဌာနနှင့် ဆက်သွယ်ပြီး ကုန်စည်ပြပွဲတွင် မိမိတို့၏ ထုတ်ကုန်ပစ္စည်းများကို ပါ၀င်ပြသကြစေလိုကြောင်း ၊ယခုအခါပွင့်လင့်ရာသီရောက်လာပြီ ဖြစ်သည့်အတွက် ပွဲတော်ကျင်းပနေစဉ် ကာလအတွင်း မီးဘေးလုံခြုံရေးအတွက် သက်ဆိုင်ရာမီးသတ်ဦးစီးဌာနမှလည်း ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း စသည့်တို့ကို ပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်လောဟာကော်မတီတွင် ပါဝင်ကြသည့် ဌာနဆိုင်ရာတာဝန်ရှိသူများအနေဖြင့် မိမိတို့၏ သက်ဆိုင်ရာဌာနဆိုင်များအလိုက် ပေးအပ်ထားသော တာ၀န်များကိုကျေပွန်စွာ ထမ်းဆောင်ကြစေလိုကြောင်း၊ ပြပွဲနှင့် ဈေးရောင်းပွဲကော်မတီများ ဖွဲ့စည်းကာ စည်းကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် တာ၀န်ရှိသူများက ကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်ပေးစေလိုကြောင်း စသည့်တို့ကို ပြောကြားခဲ့သည်။
ယင်းနောက် တက်ရောက်လာကြသော မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လုပ်ငန်းရှင်များက ကဏ္ဍအလိုက် ဆောင်ရွက်ရမည့် လုပ်ငန်းစဥ်များအား အသေးစိတ်ရှင်းလင်းတင်ပြကြရာ၊ တင်ပြချက်များအပေါ် တာဝန်ရှိသူများက ဖြည့်စွက်ဆွေးနွေးပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သက်လွင်စိုး (ပြန်/ဆက်)