မိုင်းပျဉ်းမြို့နယ်၌ စစ်ကြောင်းကြီး (၅) ကြောင်းဖြင့် ဒေသဖွံ့ဖြိုး‌ရေး ကွင်းဆင်းဆောင်ရွက်

မိုင်းပျဉ်း မတ် ၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများစုပေါင်း၍ ဒေသဖွံ့ဖြိုးရေးအတွက်စစ်ကြောင်းကြီး(၅)ကြောင်းမှ ဒေသတွင်းကွင်းဆင်းလျက်ရှိရာ ယနေ့နံနက်ပိုင်းက မိုင်းပျဉ်းမြို့၊  မြို့ပေါ်ရပ်ကွက် (၃) ခုမှ မိဘပြည်သူများနှင့် ကျောင်းလုံပရိယတ္တိစာသင်တိုက်(နဂါးနှစ်ကောင်ကျောင်း)တွင် တွေ့ဆုံဆွေးနွေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုကဲ့သို့ ဒေသဖွံ့ဖြိုးရေး ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ဝင်းနှင့် ဌာနဆိုင်ရာတာဝန်ရှိ ပုဂ္ဂိုလ်များက စစ်မှုထမ်းဆင့်ခေါ်ရေးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများနှင့် နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့ ညစ်ညမ်းမှုလျှော့ချရေးဆိုင်ရာများအကြောင်း၊ မှုခင်းကျဆင်း‌ရေး၊ လူကုန်ကူးမှုပပျောက်ရေး၊ ယာဉ်/လမ်းအန္တရာယ်ကင်းရှင်းရေး၊ မဲစာရင်း၌ ပြည်သူအားလုံးပါရှိရေး၊ မြို့တွင်းသန်ရှင်းသာယာလှပရေးနှင့် စိုက်ပျိုးရေးကိစ္စတို့ကို အသိပညာပေး ဟောပြောဆွေးနွေး ဆောင်ရွက်ကြပြီး၊  ဒေသခံ  ကျေးရွာပြည်သူများက မိမိတို့သိရှိလိုသော အကြောင်းအရာများနှင့် ဆောင်ရွက်လိုသည်များကို မေးမြန်းတင်ပြကြရာ သက်ဆိုင်ရာဌာနများက ကဏ္ဍအလိုက် ပြန်လည်ဖြေကြားဆွေးနွေး ကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ ဒေသတွင်းကွင်းဆင်း ဟောပြောခြင်းသို့ မြို့ပေါ်ရပ်ကွက် (၃) ခုမှ အုပ်ချုပ်ရေးမှူးများနှင့် ကျေးရွာပြည်သူများ စုံစုံလင်လင် တက်ရောက်ခဲ့ကြကြောင်း သတင်းရသည်။

နန်းသန္တာဦး(ပြန်/ဆက်)