တိုင်းဒေသကြီးအစိုးရအဖွဲ့မှ လှူဒါန်းသည့် စာအုပ်များအား ကျေးရွာစာကြည့်တိုက်များသို့ ထပ်ဆင့်လှူဒါန်းပွဲနှင့် ဆွေးနွေးပွဲပြုလုပ်

ခရမ်း မတ် ၆

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ လှူဒါန်းသည့် စာအုပ်များအား ကျေးရွာစာကြည့်တိုက်များသို့ ထပ်ဆင့်လှူဒါန်းပွဲနှင့် ဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီက လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဦးစွာ ခရမ်းမြို့နယ် စာကြည့်တိုက်များ ကြီးကြပ်မှုကော်မတီမှ အဖွဲ့ဝင် ဦးမြင့်ဆွေ (စာရေးဆရာ မြင့်ဆွေ-ပညာရေး) က စာအုပ်များ မပျောက်မပျက်အောင် ထိန်းသိမ်းထားရှိရန် နှင့်စာပေဖတ်ရှုခြင်းကြောင့် ရရှိမည့် အကျိုးကျေးဇူးများအကြောင်းကို ပြောကြားခဲ့သည်။

ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်နှင်းဝေက စာအုပ်စာစောင်လှူဒါန်းခြင်း၏ ရည်ရွယ်ချက်နှင့် ရပ်ကွက်၊ ကျေးရွာအတွင်းရှိ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စာကြည့်တိုက်မှူးများအနေဖြင့် လက်ရှိဆောင်ရွက်နေသည့် စာကြည့်တိုက်များ လုပ်ငန်းများ ပိုမိုကောင်းမွန်လာစေရန်၊ စာအုပ်များကို တိုက်ပိုင်မှတ်ပုံတင်စာရင်းရေးသွင်းရန်၊ စာကြည့်တိုက်များတွင် လိုအပ်သည့် စာကြည့်တိုက်ဆိုင်ရာစာငှားစနစ်များ ကောင်းမွန်စေရေးအတွက် ဆောင်ရွက်ရမည့် အစီအစဥ်များကို ရှင်းလင်းဆွေးနွေးခဲ့သည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းဒေသကြီးစာကြည့်တိုက်များ ကြီးကြပ်မှုကော်မတီမှ စာကြည့်တိုက် တစ်တိုက်လျှင် (၁၂၈) အုပ်နှုန်းဖြင့် လှူဒါန်းသော စာအုပ်များအား ထပ်ဆင့်ပေးအပ်လှူဒါန်းခဲ့ရာ ခရမ်းမြို့နယ်အတွင်းရှိ ရွှေဘိုစုကျေးရွာ၊ သုခမိန်စာကြည့်တိုက်နှင့် ညောင်ကုန်းကျေးရွာ သုတဂဝေဝေသီစာကြည့်တိုက်တို့မှ စာကြည့်တိုက်မှူးများက အသီးသီးလက်ခံရယူခဲ့ကြောင်း သတင်းရရှိသည်။

ခရမ်း (ပြန်/ဆက်)