ကော့မှူး မတ် ၆
မသန့်ရှင်းသောရေနှင့် အစားအသောက်များမှ တဆင့်ကူးစက်တက်သော ရောဂါများ ဖြစ်ပွားမှုလျှော့ချရေးနှင့် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ယနေ့နံနက်က ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ် မြို့မဈေးကြီး အတွင်း/အပြင်၌ အစားအသောက်ရောင်းချသော ဆိုင်များအား လိုက်လံစစ်ဆေးနေကြောင်း သိရသည်။
ထိုသို့ စစ်ဆေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသန်းဌေး ဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများက မသန့်ရှင်းသောရေနှင့် အစားအသောက်မှ ကူးစက်တတ်သော ရောဂါများ ကြိုတင်ကာကွယ်နိုင်ရန် အစားအသောက်ရောင်းချသော ဆိုင်များသန့်ရှင်းမှု ရှိ/မရှိ စစ်ဆေးခြင်း၊ ကြွက်၊ ယင်၊ ပိုးဟပ်ကင်းစင်ရန်စီစဉ်ဆောင်ရွက်ထားမှု ရှိ၊ မရှိ သိုလှောင်သိမ်းဆည်းပုံ မှန်၊ မမှန် သန့်ရှင်းသပ်ရပ်စွာ ရောင်းချမှု ရှိ၊ မရှိ စသည့်တို့ကို လိုက်လံစစ်ဆေးနေကြောင်း သိရသည်။
အဆိုပါဆောင်ရွက်ရာသို့ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာသန်းဌေးနှင့် ကျန်းမာရေးဝန်ထမ်းများ၊ စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ခံ ဦးတင်မင်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ ပူးပေါင်း၍ မြို့နယ်အတွင်း အစားအသောက်ရောင်းချသော ဆိုင်များအား လိုက်လံစစ်ဆေးနေကြောင်း သိရသည်။
ကျော်သူရ