မိုင်းယု မတ် ၆
ရှမ်းပြည်နယ်(အရှေိ့ပုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့၌ မြန်မာ့ယဉ်ကျေးမှု သနပ်ခါးလိမ်းခြယ်သည့် ဓလေ့ကို ထိန်းသိမ်းမြတ်နိုးတတ်စေရန်နှင့် မြန်မာ့သနပ်ခါး ယဉ်ကျေးမှုကို ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်တစ်ခုအဖြစ် ထင်ရှားလာအောင် ပြည်သူအားလုံး ပါဝင်ဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ မြန်မာ့ရိုးရာသနပ်ခါးနေ့ လှုပ်ရှားမှုအခမ်းအနားကို ယနေ့နံနက်ပိုင်းက မိုင်းယု-အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မြန်မာ့ရိုးရာသနပ်ခါးနေ့လှုပ်ရှားမှု အခမ်းအနားတွင် မြို့အုပ်ချုပ်ရေးမှူး ဦးလောထွေးက မြန်မာမိန်းကလေးများအတွက် သနပ်ခါးသည် မရှိမဖြစ်လိုအပ်ကြောင်း၊ မြန်မာ့ရိုးရာ ယဉ်ကျေးမှုများစွာရှိသည့်အနက် မြန်မာ့ရိုးရာသနပ်ခါးယဉ်ကျေးမှုသည် ယနေ့တိုင် ထင်ရှားသည့် ဓလေ့တစ်ခုဖြစ်ကြောင်း၊ ရှေးခေတ်ကတည်းက သနပ်ခါးကို မြန်မာမိန်းကလေးများ နှစ်သက်မြတ်နိုးစွာ အလှဆင်လိမ်းခြယ်ခဲ့ကြကြောင်း၊ မြန်မာ့ရိုးရာ သနပ်ခါး လိမ်းခြယ်သည့် ဓလေ့ကို မြန်မာတစ်မျိုးသားလုံးက မြတ်နိုးတန်ဖိုးထားသည့် ရိုးရာယဉ်ကျေးမှု အမွေအနှစ် တစ်ခုဖြစ်သည့်အပြင် ကမ္ဘာ့အလယ်တွင် ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်အဖြစ် ထိန်းသိမ်းကာကွယ်နိုင်ရန် မြန်မာ့သနပ်ခါးနေ့လှုပ်ရှားမှု အခမ်းအနားကို ကျင်းပခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
အဆိုပါ အခမ်းအနားသို့ မြို့အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ပြီး သနပ်ခါးလိမ်းခြင်းကို ပျော်ရွှင်စွာကျင်းပဆင်နွှဲခဲ့ကြကြောင်း သိရသည်။
အားချာ