တံတား မတ် ၆
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့၌ အသည်းရောင်အသားဝါ (အေ) ရောဂါပိုးကူးစက်ဖြစ်ပွားခြင်းမှ ကြိုတင်ကာကွယ်ရန်ကွင်းဆင်း စစ်ဆေးဆောင်ရွက်ခြင်းကို ယနေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် တံတားမြို့ တိုက်နယ်ကျေးလက်ကျန်းမာရေးဌာနမှ ဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ တံတားနယ်မြေရဲစခန်းမှ ဒုရဲအုပ် သန်းအောင်နှင့် တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးဝန်ထမ်းများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ ကတံတားမြို့အတွင်းရှိ အစားအသောက်ရောင်းချသောဆိုင်များအား အစားအစာများကို သေချာစွာ ကျက်အောင် ချက်ပြုတ်ရန်၊ ယင်မနားအောင် ဖုံးအုပ်ရန်၊ ရေကိုကြိုချက်၍ သောက်သုံးရန်၊ ဆပ်ပြာနှင့် ရေကိုအသုံးပြု၍ လက်ကိုအနည်းဆုံး စက္ကန့် (၂၀) ကြာအောင် စနစ်တကျဆေးကြောရန်၊ အသားငါးနှင့် ပင်လယ်စာများကို အစိမ်းစားခြင်းမှ ရှောင်ကြဉ်ရန် အသိပေးပြောကြားခဲ့ပြီးနောက် အသည်းရောင်အသားဝါ (အေ) ရောဂါသည် အသည်းရောင်ဗိုင်းရပ်(စ်) (အေ) ပိုးကြောင့် ဖြစ်ပွား၍ အလွယ်တကူ ကူးစက်တက်ပြီး ကပ်ရောဂါအသွင်လည်း ဖြစ်ပွားနိုင်ကြောင်း၊ အသည်းရောင်အသားဝါ (အေ) ရောဂါလက္ခဏာများဖြစ်သော ဖျားခြင်း၊ မောပန်းနွမ်းနယ်ခြင်း၊ အစားအသောက်ပျက်ခြင်း၊ ပျို့အန်ခြင်း၊ ဗိုက်အောင့်ခြင်း၊ အသားဝါခြင်း၊ မျက်လုံးဝါခြင်း၊ ဆီးအရောင်ရင့်ခြင်း၊ ဝမ်းအရောင်ဖျေ့ာခြင်းနှင့် အဆစ်အမြစ်များ နာကျင်ကိုက်ခဲခြင်းတို့ ဖြစ်ပေါ်လာပါက နီးစပ်ရာကျန်းမာရေးဌာနသို့ အမြန်ဆုံးသွားရောက်ပြသသင့်ကြောင်း ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ခန့်စည်သူဝင်း (ပြန်/ဆက်)