ဇေယျာသီရိ မတ် ၆
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၌ နေပြည်တော်အတွင်း အရေးပေါ်လူနာ တင်ယာဉ်စနစ် (NPW EMS) စတင်အသုံးပြုခြင်းနှင့်ပတ်သက်၍ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ ညနေပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ဟောပြောပွဲသို့ ဇေယျာသီရိခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောနိုင်၊ အဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး ဇေယျာမင်း၊ ဇေယျာသီရိမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇေထက်အောင်နှင့် ဌာဆိုင်ရာတာဝန်ရှိသူများ၊ ဇေယျာသီရိမြို့နယ် ကုသရေးဦးစီးဌာနမှူး ဒေါက်တာချစ်ဆုဝေ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ပြီး အခမ်းအနားတွင် ဇေယျာသီရိခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောနိုင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဇေယျာသီရိမြို့နယ် ကုသရေးဦးစီးဌာနမှူး ဒေါက်တာချစ်ဆုဝေက အရေးပေါ်လူနာတင်ယာဉ်စနစ် ဆောင်ရွက်ထားရှိမှု၏ ရည်ရွယ်ချက်၊ လူနာတင်ယာဉ်စခန်းများ၊ ဆောင်ရွက်ပေးနိုင်သည့် အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှုများအကြောင်းကို ရှင်းလင်းဟောပြောခဲ့ရာ တက်ရောက်လာသူများ၏ မေးမြန်းချက်များကို ရှင်းလင်း ဖြေကြားပေးခဲ့သည်။
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ဇမ္ဗူသီရိမြို့နယ်တွင် နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀)၊ ဇမ္ဗူသီရိမြို့နယ် ပြည်သူ့ဆေးရုံ၊ သပြေကုန်း၊ ဥတ္တရသီရိမြို့နယ်တွင် ဥတ္တသီရိခရိုင် ကြက်ခြေနီကြီးကြပ်မှုရုံး၊ ဇေယျာသီရိမြို့နယ်တွင် ဇေယျာသီရိမြို့နယ် ပြည်သူ့ဆေးရုံ၊ ပုဗ္ဗသီရိ မြို့နယ်တွင် ပုဗ္ဗသီရိမြို့နယ်ပြည်သူ့ဆေးရုံ၊ ဒဏ္ခိဏမြို့နယ်တွင် ဒဏ္ခိဏသီရိပြည်သူ့ဆေးရုံ၊ လယ်ဝေးမြို့နယ်တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် ပျဉ်းမနားမြို့နယ်တွင် ပျဉ်းမနားမြို့နယ် ပြည်သူ့ဆေးရုံကြီးများကို လူနာတင်ယာဉ်စခန်းများအဖြစ် သတ်မှတ်ထားရှိပြီး နေပြည်တော်အတွင်း ယာဉ် တိုက်ခိုက်မှုကြောင့် ဖြစ်ပေါ်သည့် အရေးပေါ်လူနာများကို သယ်ယူပို့ဆောင်မှု ဆောင်ရွက်မည်ဖြစ်ပြီး ပြည်သူများအနေဖြင့် 192 ဆက်သွယ်ခေါ်ဆိုနိုင်ကြောင်း သိရသည်။
ထွန်းလင်း (ဇေယျာမြေ)