ဆိပ်ကြီးခနောင်တို မတ် ၆
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ဝမ်းပျက်/ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ယနေ့နံနက်ပိုင်းမှစ၍ ခနောင်တိုအရှေ့ရပ်ကွက်ရှိ မြို့မစျေးကြီးတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးဆောင်၍ ပညာပေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ဦးစွာ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ သီတာတင်ဝင်းက စျေးတာဝန်ခံများနှင့် စျေးသူ/စျေးသားများအား ဝမ်းပျက်/ဝမ်းလျှောရောဂါနှင့် ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်များ၊ ကြိုတင်ကာကွယ်ရမည့် နည်းလမ်းများ၊ ရောဂါဖြစ်ပွားပါက နီးစပ်ရာကျန်းမာရေးဌာနသို့ အမြန်ဆုံးသွားရောက်၍ ဆေးကုသမှုခံယူရေးစသည်ဖြင့် အသိပညာပေးဟောပြောသည်။ ထို့နောက် မြို့နယ်ဆရာဝန်ကြီး ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများ၊ စျေးတာဝန်ခံများ၊ သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များက စျေးအတွင်း သား/ငါးနှင့် အစားအသောက်များ ပြင်ဆင်ရောင်းချနေမှု၊ ရေစီးရေလာကောင်းမွန်မှု၊ သောက်သုံးရေသန့်ရှင်းမှု၊ စျေးအတွင်းမှထွက်ရှိသည့် အမှိုက်နှင့် အညစ်အကြေးများ စနစ်တကျစွန့်ပစ်မှုတို့ကို လိုက်လံကြည့်ရှု စစ်ဆေးခဲ့ပြီး၊စျေးသူ/ စျေးသားများအား ဝမ်းပျက်/ဝမ်းလျှော ရောဂါကြိုတင်ကာကွယ်ရေးအတွက် လိုက်နာဆောင်ရွက်သင့်သည်များကို အသိပေးပြောကြားခြင်းနှင့် ဝမ်းပျက်/ဝမ်းလျှောရောဂါဖြစ်ပွားပါက ကျန်းမာရေးဌာနသို့ ချက်ချင်းအကြောင်းကြား လာရောက်၍ ထိရောက်စွာ ဆေးဝါးကုသမှုခံယူရေးတို့ကို အသိပေးပြောကြားခဲ့သည်။
ဆိပ်ကြီးခနောင်တိုမြို့နယ်တွင် ရပ်ကွက် ၉ ရပ်ကွက်ရှိရာ ရပ်ကွက်နေပြည်သူများကိုလည်း ယခုကဲ့သို့ ဝမ်းပျက်/ ဝမ်းလျှောရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများကို သက်ဆိုင်ရာ ရပ်ကွက်အလိုက် ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
ဝေယံ (ပြန်/ဆက်)