နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) အလယ်အလတ်အဆင့် အရာထမ်းသင်တန်း အမှတ်စဉ် (၁၂) ၏ သင်တန်းဆင်းအခမ်းအနားကျင်းပ

ရန်ကုန် မတ် ၆

အလယ်အလတ်အဆင့်အရာထမ်း သင်တန်းအမှတ်စဉ် (၁၂) သင်တန်းဆင်းပွဲအခမ်းအနားကို  ယမန်နေ့နံနက် ၉ နာရီအချိန်က ရတနာသိင်္ဃခန်းမ၌ကျင်းပခဲ့ရာ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်)မှ ပါမောက္ခချုပ်နှင့်တာဝန်ရှိသူများ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။

ဦးစွာပြည်ထောင်စုရာထူးဝန်အဖွဲ့၊ ဥက္ကဋ္ဌ (ကိုယ်စား) အဖွဲ့ဝင် ဦးစိုးတင့်က သင်တန်းဆင်း အမှာစကားပြောကြားရာတွင် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်သည် နိုင်ငံ့ဝန်ထမ်းများကို ခေတ်နှင့်အညီ ပြောင်းလဲလာတဲ့ စီမံခန့်ခွဲရေးဆိုင်ရာ အယူအဆများနှင့် အတွေ့အကြုံများကို ကိုယ်တိုင်လေ့လာသိရှိစေပြီး မိမိတို့၏ လုပ်ငန်းတာဝန်များကို ထိရောက်ထက်မြက်စွာ စီမံခန့်ခွဲဆောင်ရွက်တတ်စေရန်၊ နိုင်ငံ့ဝန်ထမ်းတိုင်း သိရှိလိုက်နာရမည့် ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်း၊ လုပ်ထုံးလုပ်နည်းများကို ပိုမိုနားလည်တတ်သိစေရန်၊ ကောင်းမွန်သော အုပ်ချုပ်ရေးနှင့် ခေါင်းဆောင်မှုသဘောတရားများကို သိရှိနားလည်စေရန်နှင့် ပြည်တွင်း၊ ပြည်ပ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအခြေအနေများကို ဆက်လက်လေ့လာဆည်းပူးနိုင်စေရန် ရည်ရွယ်သင်ကြားပေးခဲ့ခြင်းဖြစ်ကြောင်း၊ နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရန်၊ ပြည်သူများ လူမှုစီးပွားဘဝ အဆင်ပြေချောမွေ့စေရန်နှင့် အုပ်ချုပ်မှုယန္တရားတည့်မတ်မှန်ကန်၊ ခိုင်မာအားကောင်းလာစေရန်အတွက် နိုင်ငံ့ဝန်ထမ်းများသည် အလွန်အရေးကြီးသော အခန်းကဏ္ဍမှပါဝင်ကြောင်း၊ နိုင်ငံတော်မှချမှတ်ထားသည့်မူဝါဒများ၊ အမိန့်နှင့်ညွှန်ကြားချက်များအပေါ် တိကျစွာဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားရန်လိုကြောင်း၊ “ဝန်ထမ်းကောင်းမှ နိုင်ငံကောင်းမည်” ဆိုသည့် ဆောင်ပုဒ်အတိုင်း မိမိတို့လုပ်ငန်းတာဝန်များကို ကျေပွန်စွာ စွမ်းဆောင်ကြရန်ဖြစ်ကြောင်း၊ ဝန်ထမ်းများသည် ပါတီနိုင်ငံရေးကင်းရှင်းပြီး နိုင်ငံရေးထက် နိုင်ငံ့အရေးကိုမျှော်တွေး၍ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်များကို အရင်းခံကာ မိမိနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်သွားရန်လိုကြောင်း၊ ထမ်းဆောင်ရမည့်တာဝန်၊ စောင့်ထိန်းရမည့်ကျင့်ဝတ်၊ လိုက်နာရမည့်စည်းကမ်းများနှင့်အညီ ပေးအပ်သည့်တာဝန်များကို စေတနာထား၍ ထမ်းဆောင်ကြရန် လိုအပ်ပါကြောင်း၊ အဂတိတရားကင်းရှင်းသည့် ဝန်ထမ်းကောင်းများအဖြစ် ပြည်သူလူထုက ယုံကြည်အားကိုးရပြီး အမျိုးသားအကျိုး စီးပွားအတွက် သွက်လက်မြန်ဆန်သည့် ဝန်ဆောင်မှုပေးနိုင်အောင် ဆောင်ရွက်ကြရန်လိုကြောင်း ပြောကြားခဲ့သည်။

ထို့နောက် သင်တန်းတွင် ထူးချွန်ဆုရရှိသူများအား ဆုများအသီးသီး ချီးမြှင့်ခဲ့ပြီး သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့သည်။

အဆိုပါသင်တန်း၏ ဘွဲ့နှင်းသဘင်အခမ်းအနားကို မတ် ၄ ရက်နေ့၊ နံနက် ၉ နာရီတွင် ရတနာသိင်္ဃခန်းမ၌ကျင်းပခဲ့ရာ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) မှ ပါမောက္ခချုပ်က ပြည်သူ့ဝန်ထမ်းစီမံခန့်ခွဲမှု အဆင့်မြင့်ဒီပလိုမာဘွဲ့လက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့ပြီး သင်တန်းကို ၁၄-၁၀-၂၀၂၄ ရက်နေ့မှ --၂၀၂၅ ရက်နေ့ထိ သင်တန်းသား (၄၇) ဦး၊ သင်တန်းသူ (၅၄) ဦး၊  စုစုပေါင်း (၁၀၁) ဦးဖြင့် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

အောင်မြင့်(ပြန်/ဆက်)