မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ (၂/၂၀၂၅) အစည်းအဝေးသို့ တက်ရောက်

ချမ်းအေးသာစံ မတ်

မန္တလေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ (၂/၂၀၂၅) အစည်းအဝေးကို မတ်လ (၃) ရက်နေ့ နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အတွင်းရေးမှူးနှင့် တာဝန်ရှိသူများ၊ ရင်းနှီးမြှုပ်နှံမှုကော်မတီအဖွဲ့ဝင်များ၊ သက်ဆိုင်ဌာနများနှင့် ကုမ္ပဏီများမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

အစည်းအဝေး၌ တိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်၏ မူဝါဒများနှင့်အညီ မန္တလေးတိုင်းဒေသကြီးအတွင်း ဒေသနှင့်ကိုက်ညီသင့်လျော်သည့် ကဏ္ဍအလိုက် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို ဦးစားပေးဖော်ထုတ်ပြီး အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ပြည်တွင်းစားရေရိက္ခာဖူလုံရေးနှင့် သွင်းကုန်အစားထိုးပြည်တွင်း ထုတ်လုပ်မှုလုပ်ငန်းများကို ကာလတို၊ ကာလလတ်အစီအမံများ ချမှတ်ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ ဒေသအလိုက် တန်ဖိုးမြှင့်ထုတ်ကုန်များ ပိုမိုတိုးတက်ထုတ်လုပ်သွားနိုင်ရေး ကြိုးပမ်းကြရမည်ဖြစ်ပါကြောင်း၊ တာဝန်ယူမှု၊ တာဝန်ခံမှုရှိသော ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများကို လုပ်ငန်းစဉ်များ လွယ်ကူချောမွေ့စေရေးအတွက် ဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့်အညီ မြန်ဆန်သွက်လက်စွာ စိစစ်ခွင့်ပြုချထားပေးလျက်ရှိပြီး တင်ပြလျှောက်ထားလာမှုနှင့် မြေပြင်တွင် အမှန်တကယ်လုပ်ငန်းလုပ်ကိုင် ဆောင်ရွက်နေမှုများနှင့် ကိုက်ညီရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ မန္တလေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီအတွင်းရေးမှူး ဒေါက်တာမင်းဇော်ဦးက ယခင် (၁/၂၀၂၅) ကြိမ်မြောက်အစည်းအဝေးမှ ဆောင်ရွက်ပြီးစီးမှုအခြေအနေများနှင့် ယခုအစည်းအဝေးတွင် တင်ပြလျှောက်ထားလာမှုများ နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီးနောက် ကုမ္ပဏီများမှ တာဝန်ရှိသူများက ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများအား ရှင်းလင်းတင်ပြခဲ့သည်။

၎င်းနောက် တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ အတွင်းရေးမှူးက တိုင်းဒေသကြီးအတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကြီးကြပ်ရေးအဖွဲ့မှ ကွင်းဆင်း ဆောင်ရွက်ခဲ့မှုအခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြဆွေးနွေးရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဆွေးနွေးတင်ပြမှုများအပေါ် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေး၍ နိဂုံးချုပ်စကားပြောကြားပြီးနောက် သွင်းကုန်အစားထိုးစက်ပစ္စည်းအစိတ်အပိုင်းများအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ထွန်းထွန်းနိုင်