ချမ်းအေးသာစံ မတ် ၆
ကျန်းမာကြံ့ခိုင်ပြီး အရည်အချင်းမြင့်မားသည့် အားကစားသမားကောင်းများဖြစ်လာနိုင်ရေး၊ အတွေးအခေါ်မှန်ကန်ရေးနှင့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်သည့် လူငယ်များဖြစ်လာနိုင်ရေး၊ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေး၊ လူငယ်များ မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ရေး၊ ဘက်စုံဖွံဖြိုးတိုးတက်သော နိုင်ငံ့သားကောင်းလူငယ်များ ပေါ်ထွက်လာစေရေး စသည့် ရည်ရွယ်ချက်များဖြင့် မန္တလေးတိုင်းဒေသကြီး ၂၀၂၅ ခုနှစ် နွေရာသီအခြေခံအားကစားသင်တန်းဖွင့်ပွဲ အခမ်းအနားကို မတ်လ (၃) ရက်နေ့ နံနက်ပိုင်းက ချမ်းအေးသာစံမြို့နယ်ရှိ ဗထူးမိုးလုံလေလုံ အားကစားခန်းမတွင် ကျင်းပရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ အားကစားစပ် ကော်မတီအသီးသီးမှ တာဝန်ရှိသူများ၊ သင်တန်းအုပ်ချုပ်သူ/ နည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြပြီး အခမ်းအနားကို အစီအစဉ်အတိုင်း ဆောင်ရွက်ခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်မှ အားကစားအဆင့်အတန်း တိုးတက်မြင့်မားရေး၊ အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် အရှိန်အဟုန်မပျက်ဆောင်ရွက်နေပါကြောင်း၊ အားကစားနှင့်ပညာရေးလုပ်ငန်းများ ထိထိမိမိ ပေါင်းစပ်ဆောင်ရွက်နိုင်အောင် စီမံချက်များ ချမှတ်၍ အကောင်အထည်ဖော် ဆောင်ရွက်နေပါကြောင်း၊ အားကစားလှုပ်ရှားမှုကို အခြေခံမှစ၍ စနစ်တကျနားလည်သင်ယူနိုင်ရန် ယခုလိုသင်တန်းများကို ဖွင့်လှစ်ပေးလျက်ရှိပါကြောင်း၊ အားကစားနည်းအလိုက် နည်းစနစ် မှန်ကန်ကျွမ်းကျင်ပိုင်နိုင်စွာဖြင့် ဆက်လက်လေ့ကျင့်နိုင်စေရန် အဆင့်မြင့်အားကစားသင်တန်းများကိုလည်း အားကစားနည်း ၁၅ နည်းဖြင့် ဆက်လက်လေ့ကျင့်ပေးသွားမည်ဖြစ်ပါကြောင်း၊ ထူးချွန်သူများကို စနစ်တကျရွေးချယ်၍ အားကစားနှင့် ကာယပညာသိပ္ပံကျောင်းများကို နိုင်ငံတော်စရိတ်ဖြင့် တက်ရောက်နိုင်ရေး စီစဉ်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ နိုင်ငံတော်အတွက် အားထားရသည့် လူတော်လူကောင်းများနှင့် ရွက်ပုံးသီးမျိုးဆက်သစ်အားကစားသမားကောင်းများ ပေါ်ထွက်လာရေး တက်ညီလက်ညီ ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
၎င်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က အသက်မွေးဝမ်းကျောင်းပညာ သင်ထောက်ပံ့စရိတ်ရရှိသူ ကျောင်းသား၊ ကျောင်းသူ ၁၅ ဦးအတွက် မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီမှ ထောက်ပံ့ငွေကျပ် ၁၅သိန်း၊ မန္တလေးတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီမှ ထောက်ပံ့ငွေကျပ် ၁၅သိန်း နှင့် ခရိုင်/ မြို့နယ်များ အတွက်သင်တန်းအထောက်အကူပြုအားကစားပစ္စည်းများနှင့် ထောက်ပံ့ငွေများ ပေးအပ်ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့က သင်တန်းနည်းပြ/ အုပ်ချုပ်သူများနှင့် သင်တန်းသား၊ သင်တန်းသူများအား ရင်းနှီးစွာ လိုက်လံနှုတ်ဆက်အားပေးခဲ့ကြကြောင်း သိရသည်။
ထွန်းထွန်းနိုင်